စကားပြောဆိုလျှောက်ထားခြင်း
သံဃာတော်များနှင့် ပြောဆိုသောအခါ မိမိကိုယ်ကို ရည်ညွှန်းလျှင် တပည့်တော် ဘုရာတပည့်တော် ဟူ၍ သုံနှုန်းပြောဆိုရပါမည်။ ကျွန်တော် ကျွန်မ ငါက စသည့်လူအချင်းချင်းသုံးသည့်စကားဝေါဟာရဖြင့် မပြောဆိုရပါ။
ရဟန်းသံဃာကို ရည်ညွှန်းလိုလျှင် အရှင်ဘုရား ဆရာတော်ဘုရား ဦးပဉ္စင်းဘုရား စသည်ဖြင့် ယဉ်ကျေးစွာ ခေါ်ဝေါ်သုံးနှုန်းရမည်။
ဘဘုန်းဘုန်း ဖေကြီးဘုရား အဖိုးဘုန်းဘုန်း ဦးကြီး အစ်ကိုကြီး စသည်ဖြင့် လောကီအသုံးအနှုန်းဖြင့် ရောယှက်ကာခေါ်ဝေါ်ခြင်းမပြုအပ်ပေ။
ရဟန်းသံဃာများကလည်း ဒါယကာကြီး ဒါယိကာမကြီး ဒကာကြီး ဒကာလေး ဒကာမကြီး စသည့်သာသနာတော်သုံးဝေါဟာရများဖြင့်သာ ခေါ်ဝေါ်သင့်ပြီး အစ်ကို အစ်မ ညီလေး ညီမ အဖေ အမေ အဖိုး အဖွား ဟူ၍ မခေါ်ဝေါ်သင့်ပါ။
ရဟန်းသံဃာများကလည်း ဘုန်းကြီးတို့ ဦးပဉ္စင်းတို့ ဟူ၍ သုံးနှုန်းသင့်ပါသည်။ ကျုပ်တို့ ငါတို့ ကျွန်တော်တို့ ဟူသော အရပ်သုံးစကားဖြင့် မသုံးသင့်ပါ။

ဥပမာမေးလျှောက်ကြပုံ

လူပုဂ္ဂိုလ် ။ ။ ဦးပဉ္စင်းဘုရား အရှင်ဘုရားတို့ကျောင်းတိုက်မှာ သံဃာတော်ဘယ်နှစ်ပါးသီတင်းသုံးကြပါသလဲဘုရား။
ဆွမ်းကွမ်းကော လုံလောက်မျှတကြပါရဲ့လားဘုရား။
ရဟန်းတော်။ ဦးပဉ္စင်းတို့ကျောင်းမှာ စာသင်သံဃာတော်အပါး ၅၀ လောက်ရှိပါတယ်။ ဒကာကြီးတို့လို လစဉ်ဆွမ်းအလှူရှင်တွေရဲ့ စေတနာသဒ္ဓါတရားကြောင့် ဆွမ်းကွမ်းပြည့်စုံမျှတကြပါတယ်။
လူပုဂ္ဂိုလ် ။ ။ အရှင်ဘုရားကတပည့်တော်ပစ္စည်းလေးပါးဒယိကာခံဖို့ ဖိတ်ကြားပါတယ်ဘုရား။
ရဟန်းတော်။ ကောင်းပါပြီဒကာကြီး၊ အလိုရှိတဲ့အခါ ဦးပဉ္စင်းပြောပါ့မယ်။

သာသနာတော်အသုံးအနှုန်းများ

သံဃာတော်ကိုပင့်လိုလျှင် ကြွတော်မူပါဘုရား
ပြောစေလိုလျှင် အမိန့်ရှိတော်မူပါဘုရား
စားစေလိုလျှင် ဘုဉ်းပေးတော်မူပါဘုရား
သောက်စေလိုလျှင် သုံးဆောင်တော်မူပါဘုရား
ခေတ္တရပ်စေလိုလျှင် ရပ်တော်မူပါဦးဘုရား
ထိုင်စေလိုလျှင် ထိုင်တော်မူပါဦးဘုရား
ဖိတ်ခေါ်လိုလျှင် ပင့်လျှောက်သည်
သံဃာတော်ကိုအပ်စပ်အောင်ပြုလုပ်သူ ကပ္ပိယ
လမ်းလျှေက်သည်ဆိုလျှင် စင်္ကြန်လျှေက်သည်
သွားသည်ဆိုလျှင် ကြွသည်
အိပ်သည်ဆိုလျှင် ကျိန်းသည်
စာကျက်သည်ဆိုလျှင် စာအံသည်
အပြစ်ကိုဝန်ခံသည်ဆိုလျှင် အာပတ်ဖြေသည်
စည်းကမ်းဆိုလျှင် ၀ိနည်း
ထမင်းဆိုလျှင် ဆွမ်း
ဟင်းဆိုလျှင် ဆွမ်းဟင်း
မုန့်ဆိုလျှင် မုန့်ဆွမ်း

ပညာရှိဘာသာခြားများတောင် ပြောဆိုတတ်နေလေပြီ!!!