Wednesday, June 18, 2014

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၀ ဦး (၂၀၁၄)


နောက်ဆုံးကောက်ယူခဲ့သော စစ်တမ်းအရ ကမ္ဘာ့ ထိပ်တန်းအချမ်းသာဆုံး သူဌေးကြီးဆယ်ဦးတွင် မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် အချမ်းသာဆုံး စာရင်းဝင်နေပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို ဖော်ပြလိုက်ပါသည်။
၁။ ဘီလ်ဂိတ်
မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်သည်။ အသက်(၅၇)နှစ်ရှိပြီး အမေရိကန်နိုင်ငံတွင် နေထိုင်သည်။ ဘီလ်ဂိတ်သည် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရုံသာမက အရက်ရောဆုံးသူလည်း ဖြစ်သည်။ ပိုလီယိုနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်ပင် ၎င်းနှင့် ဇနီးဖြစ်သူတို့ တည်ထောင်ထားသော ဘီလ်နှင့် မလင်ဒါဂိတ်ဖောင်ဒေးရှင်းမှတစ်ဆင့် ကန်ဒေါ်လာ ၂၈ ဘီလီယံ သုံးစွဲခဲ့သည်။
၂။ ကားလို့စ်စလင်း
ကားလို့စ်စလင်းဟီလူးသည် အသက်(၇၃)နှစ်အရွယ် မက္ကဆီကိုနိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၆၁ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ မက္ကဆီကိုနိုင်ငံတွင် နေထိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်ကို လေးနှစ်တာ ကျော်ဖြတ်ခဲ့ဖူးသည်။
၃။ ဝါရင်းဘတ်ဖက်
အသက်(၈၂)နှစ်အရွယ် အမေရိကန်နိုင်ငံသား ဝါရင်းဘတ်ဖက်သည် ကန်ဒေါ်လာ ၅၇ ဒသမ ၅ ဘီလီယံ ချမ်းသာသည်။ ၎င်းကို Berkshire Hathaway ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ရည်ညွှန်းသည်။ အသက် (၁၁)နှစ်အရွယ်တွင် စတော့ရှယ်ယာ စတင်ဝယ်ယူခဲ့သည်။ ဘီလ်ဂိတ်နှင့် အလွန်ရင်းနှီးပြီး လှူဒါန်းမှုများတွင် အရက်ရောဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
၄။ အမန်စီယိုအော်တေဂါ
ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် အော်တေဂါသည် အသက် (၇၇)နှစ်ရှိပြီဖြစ်ကာ ကန်ဒေါ်လာ ၅၄ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ အချမ်းသာဆုံးမိသားစု နောက်ခံနှင့် စပိန်နိုင်ငံတွင် အချမ်းသာဆုံးလည်းဖြစ်ကာ ဇနီးဟောင်းမှာလည်း ကွယ်လွန်သည့်အချိန်အထိ စပိန်နိုင်ငံ၏ အချမ်းသာဆုံးအမျိုးသမီး ဖြစ်သည်။
၅။ အင်ဂဗာကမ်းပရက်
ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ပရိဘောဂကုမ္ပဏီ IKEA ကို တည်ထောင်သူ ကမ်းပရက်သည် ကန်ဒေါ်လာ ၄၉ ဒသမ ၁ ဘီလီယံ ချမ်းသာသည်။ အသက် (၈၇)ခုနှစ်အရွယ် ဆွီဒင်နိုင်ငံသားသည် မကြာမီက ကုမ္ပဏီဥက္ကဋ္ဌရာထူးကို အငယ်ဆုံးသားအား လွှဲပြောင်းပေးအပ်ခဲ့သည်။
၆။ ချားလ်စ်ကော့ချ်
Koch စက်မှုလုပ်ငန်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်သည် ကန်ဒေါ်လာ ၄၄ ဒသမ ၈ ဘီလီယံ ချမ်းသာပြီး အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။ ညီဖြစ်သူ ဒေးဗစ်ကော့ချ်နှင့် ညီတူညီမျှချမ်းသာသူဖြစ်သည်။
၇။ ဒေးဗစ်ကော့ချ်
Koch စက်မှုလုပ်ငန်း၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဖြစ်သည်။ အစ်ကိုဖြစ်သူထက် ကုမ္ပဏီစီမံခန့်ခွဲမှုတွင် ပိုမိုပါဝင်ဆောင်ရွက်ပြီး အသက်မှာလည်း (၇၇)နှစ်ရှိပြီဖြစ်သည်။
၈။ လယ်ရီအယ်လစ်ဆင်
ကွန်ပျူတာနည်းပညာကုမ္ပဏီ Oracle ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ အသက် (၆၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၃၉ ဘီလီယံ ချမ်းသာသည်။
၉။ ခရစ္စတီဝေါလ်တန်
အမေရိကန် လက်လီစျေးကွက် ကုမ္ပဏီကြီး Wall-Mart သူဌေးကြီး ၂၀၀၅ ခုနှစ်က လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူမုဆိုးမ ခရစ္စတီဝေါလ်တန်သည် ဝေါလ်မက်ရှယ်ယာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကန်ဒေါ်လာ ၃၅ ဘီလီယံ ချမ်းသာသည်။
၁၀။ ဂျင်မ်ဝေါလ်တန်
ဂျင်မ်ဝေါလ်တန်သည် Arvest Bank အုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ကန်ဒေါ်လာ ၃၄ ဒသမ ၃ ဘီလီယံ ချမ်းသာပြီး ဝေါလ်မက်မှ မစ္စစ်ခရစ္စတီနှင့် မတ်တော်စပ်သည်။ ဝေါလ်မက်ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်သည်။
_The Countries

No comments:

Post a Comment