လူကြိုက်မများသော အမူအကျင့်များကို ရှောင်ရန်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စားဝတ်နေရေးအတွက်
နေ့တဒူဝ လှုပ်ရှားသွားလာလုပ်ကိုင် ဆောင်ရွက်ကြရာမှ
ကျွန်ုပ်တို့၏အပြုအမူအချို့ကြောင့် တစတစမိတ်ရှားပါးမှုများ၊
တစတစလူမုန်းများလာမှုများကို တွေ့လာရတတ်၏။ ဤသည်ကို
နုနယ်စဉ်အချိန်က မပြုပြင်လျှင် ကြာသော် ဆိုးရွားလာတတ်၏။
အဆိုပါလူကြိုက်မများသော အပြုအမူ (ဝါ) မိတ်ရှားပါးစေသော အမူအကျင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁) ခေါင်းမာခြင်း ( Personality Rigidity )
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် ဆက်ဆံသူတိုင်း
ခေါင်းမာလျှင် သိပ်မနှစ်သက်ချင်ကြ၊ လုပ်ငန်းဆောင်တာတွင်၎င်း၊
ပြောဆိုဆွေးနွေးရာတွင်၎င်း၊ တခြားသူ၏တင်ပြ ဆွေးနွေးချက်ကို
လက်မခံ၊ တခြားသူက တောင်းပန်မေတ္တာရပ်ခံသည်ကို ဂရုမပြု
မိမိပြောသည်မှအမှန်၊ မိမိလုပ်ချင်သည်မှအမှန်၊
မိမိသဘောနှင့်မတွေ့လျှင် လက်မခံ အစရှိသည့် သဘောထား
ကျဉ်းမြောင်းသူ၊ ဆက်ဆံပေါင်းသင်းရ ကပ်သပ်သူများကို မည်သူမျှ
မနှစ်ခြိုက်ကြ။
ဤကဲ့သို့ ခေါင်းမာသောသူများမှာ နိုင်ငံရေး
အယူဝါဒအစွန်းလွတ်ယုံကြည်နေသူများ၊ ဘာသာရေး အယူသည်းသူများ၊
သဘောထားကျဉ်းမြောင်းသူများ၊ ပညာဂုဏ်နှင့် ဓနဂုဏ်မောက်သူများ၌
အထူးတလည်ကြုံတွေ့ရတတ်၏။ တခါတရံတွင်မူ စာပေပညာကို
မတောက်တခေါက် မပြည့်မစုံ လိုက်စားသူများ၌ပါ မိမိတတ်သည်ကို
တဆိပ်တအိတ်ထင်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးဘဝင်မြင့်ခါ
သူများပြောသည်ကို လက်မခံဘဲ ခေါင်းမာ ဘဝင်မြင့် တတ်ကြပြန်သည်။
၂) မိမိဘက်က အကာအကွယ်ယူမှုများလွန်းခြင်း( The Chip-on-the-shoulder Crank )
ဤအမျိုးအစားတွင် ပါဝင်သောသူများသည်
လုပ်ငန်းဆောင်တာနှင့် ပတ်သက်၍ ဆက်ဆံပြောဆိုလုပ်ကိုင်ရာတွင်
တပါးသူကို မဆိုထားနှင့် ရင်းနှီးခင်မင်သော
သူငယ်ချင်းဖြစ်သူကိုပင် အယုံအကြည်ကင်းမဲ့တတ်သည်။
သံသယဝင်တတ်သည်။ ယင်းသို့ အယုံအကြည်ကင်းမဲ့သည့်စိတ်နှင့်
ဆက်ဆံမှုကြောင့် မိမိ၌လည်း စိတ်ဆင်းရဲ တပါးသူတွင်လည်း
စိတ်လွတ်လပ်မှုမရှိ။
တဖန် မိမိကိုယ်တိုင်လည်း တပါးသူအား မယုံမကြည်နှင့်
လုပ်ငန်းဆက်ဆံရခြင်းကြောင့် စိတ်မကျေမနပ်ဖြစ်၊ သို့ဖြစ်ရာမှ
စိတ်တိုလာကာ စကားတစ်ခွန်း အဆင်မပြေရုံနှင့် စိတ်ဆိုးလျှင်
ထဆိုးပြီး စကားများခိုက်ရန်ဖြစ်ပွါး အစရှိသည့်
စိတ်ပြောင်းလဲမှုများ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေသဖြင့်
လူတိုင်းကို မယုံမကြည် သံသယဝင်စိတ်မထားပါနှင့်..
၃) ကိုယ်ကျိုးကြည့်လွန်းခြင်း( Self Centeredness )
ဤပုံစံတွင်ပါဝင်သောသူများသည် အဘယ်သို့သော အရာဖြစ်ဖြစ်
“ဒါဟာ ငါ့ကို ဘယ်လိုအကျိုးရှိလာစေနိုင်မလဲ၊ ငါ
ဘယ်လိုအမြတ်ထွက်မလဲ” အစရှိသည်ကိုသာ အရင်စဉ်းစားပြီး
ကိုယ်ကျိုးမကိုက်လျှင် လုံးဝမလုပ်…
လူ့အဖွဲ့အစည်း၌ လူလူခြင်း ကူညီရိုင်းပင်းခြင်း၊
အနစ်နာခံသင့်လျှင် ခံရခြင်း အစရှိသည်များသည် လူမှန်လျှင်
မလွဲမသွေ လုပ်ဆောင်အပ်သော အမှုဖြစ်သဖြင့် ဤကဲ့သို့
ကိုယ်ကျိုးကြည့်လွန်းခြင်း ( The egocentric crank ) အမူအကျင့်သည်၊
အရာရာတွင် ငါ-ငါ-ငါ မည်သော အတ္တဘက်များလွန်ခြင်းကြောင့်
မိတ်သင်္ဂဟ အပေါင်းအသင်းနည်းပါးတတ်သည်။
အချို့သောသူများသည် နေအိမ်၌သော်၎င်း၊ ရုံး၌သော်၎င်း
တဆိပ်ကိုတအိတ်လုပ်၍ အလွန်ညဉ်းညူတတ်၏။ ၎င်းတို့က
“ကျုပ်ရတဲ့လခနဲ့ ကျုပ်ပေးရမဲ့လုပ်အားနဲ့က မတန်ဘူး။
လခကနဲ့နေတယ်၊ အလုပ်က ဘယ်လောက်ပင်ပန်းတာ အထက်က အရာရှိက မညှာတာဘူး၊
ကျုပ်ကချည်း ဒိုင်ခံလုပ်ပေးရတာ၊ ကျုပ်အလုပ်က
သိပ်မကောင်းပါဘူးဗျာ၊ နောင်ရေးလဲမရှိဘူး၊ လောလောဆယ်လဲ
အခွင့်အရေးဘာမှ မရှိဘူး” အစရှိသည်ဖြင့် ညဉ်းညူတတ်ကြ၏။
ထို့ကြောင့် သင်သည် သင်၏
ပုဂ္ဂိုလ်ရေးဆိုင်ရာသိက္ခာမြင့်တင်လိုလျှင် မညဉ်းညူပါနှင့်
သင်၏ညဉ်းညူနေမှုသည် သင့်အပြောင်းအသင်းနှင့် ပတ်ဝန်းကျင်ကို
မရွှင်မြူးစေနိုင်၊ စိတ်ဆင်းရဲခြင်းသာ ဖြစ်စေနိုင်သည်ကို
သတိပြုပါ။
အလုပ်ကိုများများလုပ်ပါ။ မညဉ်းညူပါနှင့်။
သင်အလုပ်များများ လုပ်လေ၊ သင့်အတွက် အခွင့်အလမ်းများသည်
များသထက်များလာလေ ဖြစ်သည်ကို သတိထားပါ။
( ဆရာမောင်မောင်ကျော် ပြုစုပြန်ဆိုသော “သိကောင်းစရာ အိမ်ထောင်မှုသုခ” စာအုပ်မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment