မြန်မာ လူမျိုးတို့၏ စိတ်နေစိတ်ထားနှင့် ညံ့ဖျင်းသောအချက်များ ... ကောင်းမြတ်သောအချက်များ ... အကြောင်း ရေးသား တင်ပြပုံနှိပ်ထုတ်ဝေခဲ့သည်တို့ကို စုဆောင်းတင်ဆက်ရန် ‘မိုးမခ’ က စီစဉ်ထားလေရာ ...
ဆရာ ကြီး ရွှေဥဒေါင်း ‘‘စာရေးဆရာမဂ္ဂဇင်း’’ တွင် ဂျပန်ခေတ်ကာလ (၁၉၄၃ ခုနှစ်) ၌ ရေးသားခဲ့သော ဆောင်းပါး တပုဒ်ကို တင်ဆက် လိုက်ရပါသည်။
မိုးမခ
--------------------------------------------------------------------------------------
မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
“ဗမာ လုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ်တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာ မရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။
ထိုသို့ သော အသုံးအနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်းအခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။
ဝမ်းနည်း ဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများလည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ ရှိသည်အတွက်ကြောင့် သာ၍ဝမ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထိုစကားမျိုးကို သုံးနှုန်းကြသောအခါတွင် ဝမ်းနည်းသောလေသံမျိုးလည်း မပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရသာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက် ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား၊ မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။
တရုတ် လူးမျိုးက မြန်မာအား ထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းကို ကြားရဖူးသည် မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည် မရှိ။ ကြားရလျှင်လည်း မြန်မာကခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည် မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအား လည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအား လည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။
မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍
သိမ်းကျုံးရှုတ်ချပြောဆိုနေကြသည်ဖြစ်ရာ ထိုကဲ့သို့ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။
မိမိ လူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
မြန်မာ လူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်း ခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့သိမ်ဖျင်းသော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာ ဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည်သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသားစသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြား စစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုးဟူ၍လည်း မရှိ။ တိုက်သားဟူ၍လည်း မရှိ။ ဆိုးယုတ်သော အရည်အချိုးတွေချည် စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုးဟူ၍လည်း မရှိ။ တိုက်သားဟူ၍လည်း မရှိနိုင်ကြောင်းကို ဦးခေါင်းပါသူ ဟူသမျှ ဝန်ခံပေလိမ့်မည်။
● ပျင်းရိခြင်းနှင့် သတ္တဝါသဘော
ယင်းသို့ ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည်ဆိုသော် လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည့် အချက်တစ်ခုသည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။ မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည် လုပ်၍ ချောင်ချောင်နေထိုင်လိုသော စိတ်သဘောမျိုး ရှိတတ်ကြောင်းကို ဝန်ခံကြရပေမည်။ ၎င်းစိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။
သို့ သော် ပျင်းရိခြင်း၊ လုံ့လဝီရိယရှိခြင်းစသော အခြင်းအရာတို့ မည်သည် အကြောင်းနှင့်အကျိုး ဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများ ရှိကြရမည်သာဖြစ်၏။ သတ္တဝါဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့်ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ဝတ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တကွ စည်းစမ်ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တဝါဟူ၍ မရှိချေ။
● မြန်မာလူမျိုးအပြစ်လော
ကျွန်ုပ် တို့မြန်မာပြည်သည် အင်္ဂလိပ်တို့ မဝင်ရောက်ဖူးသေးမီ တစ်ခါက
အလွန်တရာ ဆူဖြိုးချောင်ချိခဲ့သော တိုင်းပြည်ဖြစ်သည်က တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ဂာ်ီမျိုး၊ တစ်နပ်စာအတွက် လေးငါးကျပ်တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်က တစ်ကြောင်း၊ လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ဝတ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ဝတ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိ သက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက် သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်း မရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင် ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်း မရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသော ပဒုမ္မာ အင်္ဂာ်ီပါးမျိုးကို ဝတ်ဆင်လိုခြင်းလည်း မရှိ။ သောက်/ရှူလိုခြင်းလည်း မရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင်ချောင်နေထိုင် စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။
ထို့ ကဲ့သို့ ဝမ်းစာအတွက် လည်းကောင်း၊ အားအတွက် လည်းကောင်၊ နေမှုထိုင်မှုအတွက် လည်းကောင်း လှုပ်ကာလှက်ကာနှင့် လုံလောက်စွာ ရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာ အားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်း ရှိကြသည်မှာ အံ့ဩဖွယ်ရာမဟုတ်။ သတ္တဝါတို့၏ ဓမ္မတာ သဘောအတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ဝမ်းခါး မဝတ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်း ခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရခြင်းမှာ အံ့ဖွယ်ရာ မဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သော အခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။
မည် သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုး မီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာ ပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ်သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ဝမ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏ အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
● အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြသော်လည်း ၎င်း တို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ် လုပ်ကိုင်သွားကြသည်ဟု မရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့်လောက်အောင် လခကြီးများ ယူလျက် ကာမဂုဏ် စည်းစိမ်းအမျိုးမျိုး ခံစားစံစားသွားကြခြင်းအားဖြင့် နမှုနာပြသွားကြသည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏ အနေအထိုင်ကို တွေ့မြင်ရခြင်းအားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှုအတွက် သွားရည်ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာ အလုပ်လုပ်လိုသော စိတ်သဘောမျိုးမူကား အလျှင်းပင် မဖြစ်ပေါ်နိုင်ခဲ့ချေ။
သို့ရာတွင် ယခုအခါ နိပ္ပန်သို့ ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ်ကြမ်း လုပ်ကြသည်။ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြသည်” ဟူ သော စကားများသည် အရပ်ထဲတွင် တစ်နေ့တခြားပြောဆိုစပြုလာကြပြီး ဖြစ်ရကား ပင်ပန်းကြီးစွာ အလုပ်လုပ်မှုနှင့် ပတ်၍ အင်္ဂလူမျိုးတို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှနှင့် သင်ပြရန်မတတ်နိုင် သင်ခန်းစာကို နိပ္ပန်တို့က တစ်နှစ်ခန့်အတွင်း သင်ပြနိုင်သည်ဟု ဆိုရပေမည်။
● ဂျာမနီပြည်၏စနစ်
ဤ နေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုရာ အစိုးရတို့က မြန်မာပြည်တွင် အမြန်ဆုံး နည်းယူ အသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သား ဖြစ်စေ၊ အရာရှိကြီး၏သား ဖြစ်စေ လူလားမြောက်သော အချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏ သားများနှင့်အတူ လမ်းဖောက်ခြင်း၊ ကောက်ပဲသီးနှံ စိုက်မျိုးခြင်းစသော ကူလီအလုပ်ကြမ်းမျိုးကို ၁၀ လတိုင်တိုင် လုပ်ကိုင်ဆောင်ရွက်ကြရ လေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည် လည်းကောင်း၊ အရာရှိသားများနှင့် ကူလီထမ်းသမား၏သားသည် လည်းကောင်း တစ်ခန်းတည်းအတူနေ၊ အတူအိပ်၊ အတူစားကြရလျက် လယ်ပြင်ထဲတွင် အင်္ဂာ်ီကိုယ်တုံးလုံးချွတ်ကာ ပခုံးချင်းယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံး တန်းတူ၊ညီတူ အလုပ်လုပ်ကြရလေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်း မရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်း အိပ်ကြရလေသည်။
အင်္ဂလိပ် တို့ကို အားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုးလူငယ်များအတွက် ၎င်း စနစ်ထက် ကောင်းမွန်သောစနစ်တစ်ခုကို ကျွန်ုပ်တို့ စဉ်းစားစိတ်ကူး၍ မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့်ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွားတန်ရာချေသည်။
● စွပ်စွဲချက်များ
မြန်မာ လူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောင်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်းစသည့် အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်းဆိုသော အခြင်းအရာမှာ အိမ်ရှင်ဖြစ်သောမြန်မာများကို ဧည့်သည်ဖြစ်သော ကုလားများ၊ တရုတ်များနှင့်နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန် ရှိပေလိမ့်မည်။ သို့သေ် တစ်မြို့တစ်ရွာသည်းတို့ မည်သည် အခြားသောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ်သော သဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။
ကျွန်ုပ် တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည်စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာလူမျိုးတို့ရဲ့ မညီညွတ်သောသဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
ကောက်ကျစ် စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏ စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန်မာလူမျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ် စဉ်းလဲသောလူမျိုးဟု ထုတ်ဖော်စွပ်စွဲခြင်းပြုကြမည် မဟုတ်ချေ။ စင်စစ်သော်ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန် လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍ လည်းကောင်း လူမျိုးသီးခြားရှိနိုင်မည် မဟုတ်ပေရာ လူတစ်မျိုးနှင် တစ်မျိုး ပိန်မသာ လိန်မသာ မျှလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုးဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌ မတည်ဘဲ လူတို့၏ အခြေအနေအပေါ်၌ တည်နေတတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်းပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
No comments:
Post a Comment