● ထူးခြားသောမြန်မာ့ဂုဏ်
မြန်မာ လူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသားရပေဦးအံ့။
သင်ကြား ၍ တတ်မြောက်လွယ်ခြင်း အရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါးရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာနမျိုးတွင်မူကား မြန်မာသည် ကမမ္ဘာတွင် အလွန်ကျွမ်းကျင် လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်းမဟုတ်) အသုံးပြုခြင်းအားဖြင့် အင်္ဂလိပ်များကို နိုင်ရသည်ဟု ဝန်ခံပြောဆိုသည်ကို ကြားရဖူး၏။
စင်စစ် မှာ အသေးအဖွဲနှင့် ပတ်သက်သည့် ဖြတ်ထိုးဉာဏ်ပေါ်သော အခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက်ရိုးလိုက် ချီ၍ မြန်မာတစ်မျိုးတည်း၌သာ ရှိသည်ဟူ၍ ကျွန်ုပ်တို့ဆိုချင်၏။ အလွန်းနည်းပါးသော အခြားလူမျိုး တစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ်သည် မှန်သော်လည်း လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည်ကား မြန်မာတစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုး ပါးနပ်လျှင် မြန်မာအိပ်နေသလောက်ရှိသေသည်ဟု ဆိုချင်၏။ ဤကား မြန်မာလူမျိုး၏ ထူးကဲသောအချက်ပေတည်း။
ဤ အခြင်းအရာကို ဝန်မခံလိုသောမြန်မာလူမျိုးတစ်ယောက် ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ဆိုလို၏။
● မြန်မာနှင့် ဒါနမှု
ထို့ ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုး၌ ထူးကဲသောအချက်ကို မကြားသေးမီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင် ရှိတော့၏။ ရန်ကုန်မြို့ကို နိပ္ပန်လေယာဉ်ပျံများက ရှေးဦးစွာဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထားစသည်တို့ဖြင့် အမြို့မြို့အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။
ထို စဉ်အခါ အရပ်ရပ်သော ဆိပ်ကမ်း၊ အရပ်ရပ်သော ဘူတာရုံစသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍ မကုန်နိုင်၊ သောက်၍ မကုန်နိုင်အောင် ရှိနေတော့၏။ တတ်နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်းစသည်တို့ဖြင့် အထုတ်လိုက် ရက်ရောစွာပေးဝေကြရာ မကြွယ်ဝသူ အလှူရှင်များကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ်စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။
တစ် ခုသောဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက်သည် မိမိတို့၏ အခင်းမှ လတ်လတ် ဆတ်ဆတ်နှုတ်ယူ လာခဲ့ဟန် လက္ခဏာရှိသည့် ပဲစားဥတွဲများကို လက်နှစ်ဖက်တွင် မနိုင့်တနိုင်ဆွဲလျက် ကျွန်ုတို့ အနီးသို့ ချဉ်းကပ်ကာ…
“လမ်း စားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥ ကလေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟု ပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။
ကျွန်ုပ်တို့၏ မီးရထားတွဲပေါ်၌ တရုတ်၊
ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က-
“ခင်ဗျား တို့ တိုင်းပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား၊ ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက်သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ဝန်ခံထွက်ဆိုကြ၏။
ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်းဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော် မကြွေးကြော်သော်လည်း ကျွန်ုပ်၏ မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါလာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်းတယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။
“ရွှေ ဗမာတို့ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာ လူမျိုး၌ ညံ့ဖျင်းသော အချက်များရှိခြင်း၊ ကောင်းမြတ်သောအချက်များ ရှိခြင်းကို အပထား၍ မြန်မာလူမျိုးအကြောင်းကို မြန်မာ အချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။
ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူ သောစကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်း သုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏ မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်းမျှသာဖြစ်၏။
သို့ ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏ အကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူ တစ်ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။ ထိုသူသည် မိခင်လင်ငယ်နေသောအဖြစ်ကို မြိန်ရေရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်း ပြုချေမည်လော။
မိ ခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်း ဖော်ထုတ်စွပ်စွဲခြင်းပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သောအဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏ မွေးသမိခင်အကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်း မရှိချေ။
ဤအခြင်းအရာနှင့်နှိုင်းစာသော် ‘ကိုယ့်ပေါင်ကိုယ်လှန်ထောင်း’ ခြင်း တည်းဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင် အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသော အပြုအမူသည် ရှိမည် မဟုတ်ချေ။
ထို ပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန် မတူချေ။ မြန်မာို မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ဝိုင်းဝန်းထောက်ခံလိုက်ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာမျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက် တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော် မရခြင်းမှာ ဝမ်းနည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန်နည်းလမ်း
သို့ သော် ဤကိစ္စမှာ ဝမ်းနည်းနေရုံမျှ မပြီး။ မြနမာ၏ အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန် နည်းလမ်းရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင်သေးသိမ်နေခဲ့လျှင် မြန်မာအချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့်လုပ်ငန်ကြီးများ၊ အစုစပ်ကုမ္ပဏီအလုပ်ကြီးများစသည်တို့ကို မြန်မာများသည် ဘယ်သောအခါတွင် စတင်လုပ်ကိုင်နိုင်ရန် ရှိအံ့နည်း။
မည် သူမဆို အလုပ်ကြီးတစ်ခုကို လုပ်ကိုင်သည့်အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုးရှိထားဖို့ အရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။
လူ မျိုးကိုမီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင် လည်းကောင်း၊ ၎င်းစိတ်သဘောမျိုးရှိဖို့ အလားတူ အရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင် အရေးကြီး၏။ တစ် ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ်ရေးစနစ်မျိုးကို ရရှိသည်ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည် မဟုတ်ချေ။ အလုပ် ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။
ယခု အခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိအောင် ပေါ်ပေါက်ပေတော့မည်။
ထို အခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည် မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေး အမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။
ကျွန်ုပ် တို့ ဆိုလိုရင်ကား မွေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသော သားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည် မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ ပြောကြသည်ကို နှိပ်ကွပ် ဖုံးအုပ်ခြင်း စသည်ဖြင့် အရုပ်ဆိုးသည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။
မြန်မာ တို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်း မဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေး ရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏ အရှက်ကို ကာကွယ်သည့် အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကို ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။
ဒုတိယ အချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန် တားမြစ်အပ်ပေ၏။
ဤ စာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါ နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ ရေးသားသတိပေးရကျိုး နပ်သည်ဟု သဘောထား ၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။
စာရေးဆရာ၊ (၁၃၀၅)
မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း