Wednesday, January 8, 2014
မြန်မာလ အမည်တွေ နောက်ကွယ်မှ အကြောင်းအရာများ
မြန်မာလ အမည်တွေ နောက်ကွယ်မှ အကြောင်းအရာများ
တန်ခူး...
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေ ခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ ဆိုတယ်။ ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းကတော့ မိန်ရာသီကနေ မိဿရာသီ ပြောင်းတဲ့ အတာ ကူးတဲ့လမို့ တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။
ကဆုန်...
ကုဆုန် က နေ ဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ ဒါကြောင့် ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။
နယုန်...
နံယုန် က နေ နယုန်ဖြစ်တာ။ နံကအချိန်ကာလ၊ ယုန်က မိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။
ဝါဆို...
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။
ဝါခေါင်...
ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာက လယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့ လ လို့ ဆိုလိုတာပဲ။ မိုးတွေဖြိုင်ဖြိုင်ရွာတဲ့ လ မို့ လယ်သမားကြီးတွေ လယ်ယာလုပ်ငန်းခွင် ဝင်နေကြပါတယ်။
တော်သလင်း...
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။ သလင်းက သာလင်း ကနေလာတာ လေ။ သာယာထွန်းလင်းသည်လို့ အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလ တရား အားထုတ်၊ ဗုဒ္ဓ ဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်မှု အထွတ်အထိပ်ဆုံးရောက်တဲ့ အချိန်မို့ မြင့်မြတ်တဲ့ သာသနာ ရောင်ဝါထွန်းလင်းတဲ့ လ။
သီတင်းကျွတ်...
ဥပုသ်သီတင်းဆောက်တည်မှု၊ ရဟန်းသံဃာတွေ ကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှု စတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။
တန်ဆောင်မုန်း...
ရှေးတုန်းက တန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။ တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည် ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာ မီးရှုးမီးပန်းတွေနဲ့ ချယ်မှုန်းထားလောက် အောင်လင်းလက်တဲ့ လ ပေါ့။ မီးပုံးပျံတွေ စေလွှတ်ကြ၊ မီးရှုးမီးပန်းတွေပစ် ဖောက်ကြ တန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာ အပြည့်ဆုံးလတဲ့လေ။ ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ညလို့တောင် ဆိုကြတယ်။
နတ်တော်...
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော် တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။
ပြာသို...
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ ပျားဖယောင်းတွေ အများ ဆုံးစုဆောင်းလို့ရတဲ့လပေါ့။
တပို့တွဲ...
ထန်းဖူးထန်းခိုင်ထန်းပို တွဲကျတဲ့လမို့ ထန်းပို့တွဲကနေ တပို့တွဲဖြစ်လာတာပဲ။
တပေါင်း...
ထန်းရည်တွေ လှိုင်လှိုင်ထွက်ပြီး ထန်းရည်တွေကို စုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။
by
ရဲသျှမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment