Monday, October 1, 2012

သာသနာ့အလံ သမိုင်း

 
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏဝဎ္ဍန ခေါ် ကာရိုလစ် ပူဂျသ ဂုဏဝဎ္ဍန (Carollis Pujitha Gune Wardene) ဖြစ်သည်။)


ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓဝါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏဝဎ္ဍန(C.P. Gune Wardene)

စီပီဂုဏဝဎ္ဍန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏဝဎ္ဍန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဎ္ဍန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏဝဎ္ဍန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသဝိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏဝဎ္ဍန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဎ္ဍန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ဝန်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈ဝပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အဝါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဥ္ဇီဋ္ဌ = ပန်းနုရောင်် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြဝါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဉာဏ် ရှိခဲ့သော စီ ပီ ဂုဏဝဎ္ဍန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏဝဎ္ဍန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။

Thursday, September 27, 2012

သက္ကရာဇ် (၃) မျိုး

 

မြန်မာ ပြက္ခဒိန် စံနစ် ၏ မူလအရင်းခံသည်  အိန္ဒိယ ပြက္ခဒိန်စံနစ်ကို အခြေခံပါ သည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် အိန္ဒိယမှ နက္ခတ္တပညာ ရှင်များ မြန်မာပြည်တွင်း ဝင်ရောက် အခြေချရာမှ မြန်မာ နှင့် ကိုက်ညီသည့် ပြက္ခဒိန် စံနစ်တစ်ခုကို ဆင့်ပွားတီထွင် မွေးစားခဲ့ ကြဟန် ရှိပါသည်။ အထူးသဖြင့် မြန်မာ ပြက္ခဒိန်သည် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနှင့် နက်ရှိုင်းစွာ ဆက်စပ် နေသည်ဟု ဆိုနိုင်ပါသည်။ သံဃာတော်များ ဝါဝင် ဝါထွက် တွက်ချက်မှုသည် အရေးကြီးသော ကဏ္ဍ တွင် ပါဝင်ပါသည်။

မြန်မာပြက္ခဒိန် စံနစ်တွင် သက္ကရာဇ် ခုနစ်ကို သတ်မှတ် ရာတွင်မူ (၃) မျိုး ကွဲပြားနေပါသည်။ ငှင်းတို့မှာ

  1. မဟာ
  2. သာသနာ
  3. ကောဇာ
ဟူ၍ ၃ မျိုးကွဲပြားမှု ရှိပါသည်။
 မဟာ သက္ကရာဇ်
မဟာ သက္ကရာဇ် မှာ ဗုဒ္ဓမြတ်စွာ ဘုရား ဖွားမြင်ရာ ကပ္ပိလဝတ် မြို့ ကိုစတင် တည် ထောင်ချိန်မှ စ၍ ရေတွက်သည့် ခုနှစ်ဖြစ်သည်။ ထိုနှစ် ၆၈ ခု ကဆုန်လပြည့်နေ့ တွင် ဗုဒ္ဓရှင်တော် လောင်းလျာကို ဖွားမြင်တော်မူပါသည်။ ထိုသက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူပြီးသည့် အချိန်မှ စ၍ အသုံးပြုခြင်းမရှိတော့ပါ။  
သာသနာ သက္ကရာဇ်
ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ပထမအကြိမ် သင်္ဂါယနာ တင်ပြီးသည့် အချိန်မှ စတင် ရေတွက်သည့် ခုနှစ်ကို သာသနာ နှစ်ဟု မည်ပါသည်။ သာသနာတော်၏ သက်တမ်းကို ညွှန်းပြ နိုင်သည့် ခုနစ် ဖြစ်သည်။
ကောဇာ သက္ကရာဇ်
ဗုဒ္ဓသာသနာ နှင့်အတူ ပြက္ခဒိန် စံနစ်သည် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာခဲ့ ဟန်ရှိပါသည်။ သာသနာ သက္ကရာဇ်ကို ပင် ဆက်ခံ အသုံးပြုရာမှ သက္ကရာဇ် နှစ် ၆၂၂ ခုနှစ် အရောက်တွင် သရေခေတ္တရာ ဘုရင် သုမုန္ဒရီ က (၀) သုည ခုနှစ် (zero hour) မှ စတင်ပြန်လည် ရေတွက် သတ်မှတ် ခဲ့သည်။ ထိုသို့ သက္ကရာဇ်ကို (၀) သုည မှ ပြန်လည်စတင် ခြင်းကို သက္ကရာဇ်ဖြို သည်ဟု သုံးနှုံးပါသည်။ ဗေဒင် ကိန်းခန်း များ အရ အုပ်ချုပ်သူ ဘုရင်တို့၏ စည်းစိမ်တည်မြဲရေး အတွက် ထိုသို့ သတ်မှတ်ကြခြင်း ဖြစ်သည်။ သို့သော် မြန်မာ ပြက္ခဒိန် စံနစ်တွင် ဂျပန်၊ တရုတ်တို ကဲ့သို့ အုပ်ချုပ်သူ ဘုရင် နန်းတက်တိုင်း သက္ကရာဇ် နှစ်ကို ပြန်စသည့် ထုံးစံ မရှိပါ။
သမုန္ဒရီ မင်း သက္ကရာဇ် ဖြိုပြီးနောက် အနှစ် ၅၆၀ အကြာ ပုဂံခေတ်တွင် ပုပ္ပါးစောမင်း က ထပ်မံဖြိုပြန်သည်။ သည့်နောက် အင်းဝခေတ် မိုးညှင်းမင်းတရား လက်ထက် တွင်လည်း သက္ကရာဇ် ဖြိုရန် ကြိုးစားခဲ့ သော်လည်း လူတို့ လိုက်နာခြင်း မရှိသဖြင့် မပြိုခဲ့ပါ။ ထို့ကြောင့် လက်ရှိ အသုံးပြုနေ သော ခုနစ်သည် ပုဂံခေတ်မှ စတင် သတ်မှတ်ခဲ့သော နှစ်ဖြစ်ပြီး ထို သက္ကရာဇ် ကို ကောဇာ သက္ကရာဇ် ဟု ခေါ် ပါသည်။
အမည်နာမ နှင့် ခုနှစ်အားဖြင့် သုံးမျိုး ကွဲပြားနေသော်လည်း ခုနှစ်၊ လ၊ ရက်၊ လပြည့် လကွယ် သတ်မှတ်ပုံစံနစ်မှာ တစ်ခုတည်း တစ်ထပ်တည်းသာ ဖြစ်ပါသည်။

Wednesday, September 26, 2012

ဘုရားရှင် ၄၅ နှစ် ၀ါဆိုသော ဌာနေများ

ဘုရားရှင် ၄၅ နှစ် ၀ါဆိုသော ဌာနေများမှာ-

 ၁- ဗာရာဏသီ မိဂဒါဝုန်တော
၂- ၃-၄- ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း
၅- ဝေသာလီပြည်
၆- မကုဠတောင်
၇- တာဝတိံသာ
၈- ဘဂ္ဂတိုင်း
၉- ကောသမ္ဗီပြည်
၁၀- ပါလိလေယျကတော
၁၁- နာဠပုဏားရွာ
၁၂- ဝေရဉ္ဖာပြည်
၁၃- စာလိယတောင်
၁၄- သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၁၅- ကပိလ၀တ်ပြည်
၁၆- အာဠ၀ီပြည်
၁၇- ရာဇဂြိုဟ်ပြည်
၁၈-၁၉- စာလိယတောင်
၂၀- ရာဇဂြိုဟ်
၂၁ မှ ၄၄ - သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၄၅- ဝေဠုဝရွာ တို့ တွင် ၀ါဆိုတော်မူခဲ့သည်။

လူကြီးတစ်ယောက်ရှိသင့်သည့် ကိုယ်အလေးချိန်ဇယား


အရပ်
ပေ/လက်မ
လက်မ
အနည်းဆုံး
ပေါင်
အများဆုံး
ပေါင်
၎' ၈" ၅၆" ၈၉ ၁၁၂
၎' ၉" ၅၇" ၉၂ ၁၁၆
၎' ၁၀" ၅၈" ၉၆ ၁၂၀
၎' ၁၁" ၅၉" ၉၉ ၁၂၄
၅' ၀" ၆၀" ၁၀၂ ၁၂၈
၅' ၁" ၆၁" ၁၀၆ ၁၃၂
၅' ၂" ၆၂" ၁၀၉ ၁၃၇
၅' ၃" ၆၃" ၁၁၃ ၁၄၁
၅' ၄" ၆၄" ၁၁၇ ၁၄၆
၅' ၅" ၆၅" ၁၂၀ ၁၅၀
၅' ၆" ၆၆" ၁၂၄ ၁၅၅
၅' ၇" ၆၇" ၁၂၈ ၁၆၀
၅' ၈" ၆၈" ၁၃၂ ၁၆၄
၅' ၉" ၆၉" ၁၃၅ ၁၆၉
၅' ၁၀" ၇၀" ၁၃၉ ၁၇၄
၅' ၁၁" ၇၁" ၁၄၃ ၁၇၉
၆' ၀" ၇၂" ၁၄၇ ၁၈၄
၆' ၁" ၇၃" ၁၅၂ ၁၈၉
၆' ၂" ၇၄" ၁၅၆ ၁၉၅
၆' ၃" ၇၅" ၁၆၀ ၂၀၀
၆' ၄" ၇၆" ၁၆၄ ၂၀၅
၆' ၅" ၇၇" ၁၆၉ ၂၁၁
၆' ၆" ၇၈" ၁၇၃ ၂၁၆
၆' ၇" ၇၉" ၁၇၈ ၂၂၂

ရတနာသုံးပါးကို ရှိခိုးပူဇော်ပုံ


ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်သည့် ရှင်တော်မြတ်ဘုရားကို၊
ပူဇေမိ-နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း,မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ
ဓမ္မံ-မဂ်-ဖိုလ်-နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်ပိုင်းခြား, ခွဲဝေထားသည့်, တရားတော်မြတ်ရတနာကို၊
ပူဇေမိ-ခြေ-လက်-နဖူး, တတောင်-ဒူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုစ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ
သံဃံ-မဂ္ဂဋ္ဌာန်-ဖလဋ္ဌာန်, ရှစ်တန်ထင်ပေါ်, သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊
ပူဇေမိ-စံပယ်လက်အုပ်,ခြေဆုပ် မေတ္တာ, ရိုသေစွာဖြင့်, ညွတ်ကာဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။


ကိုယ်ဖြင့် ရှိခိုးပုံ (ကာယ ပဏာမ)
ဆောင့်ကြောင့်ထိုင်၍ ဦးခေါင်းကို မြေ၌ချ ရှိခိုးခြင်း (သို့မဟုတ်) လက်အုပ်ချီမိုး ရှိခိုးခြင်းနှင့် မတ်တတ်ရပ်၍ ဦးခေါင်းညွတ် ရှိခိုးခြင်းသည် “ကာယ ပဏာမ” ကိုယ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ယင်းသို့ ကိုယ်ဖြင့်ရှိခိုးဦးချ ကန်တော့ကြရာတွင် လက်ခုပ်နှစ်ဘက်ကို ကြာငုံသဏ္ဌာန် လက်အုပ်ပြုလုပ်ပြီး ထိုလက်အုပ်(ကြာငုံ)ကို ဦးထိပ်ရောက်အောင် မြှောက်ချီ၍ လက်မကို မျက်မှောင်ကြား၌ ထားလျက် လက်ညှိုးကို နဖူးဆံစ၌ တည်စေကာ ရှိခိုးခြင်းသည် “အဉ္ဇလီကမ္မ” လက်အုပ်ချီမိုး ရှိခိုးခြင်းမည်၏။


တဖန် “ပုဆစ်နှစ်ဘက်, တတောင်နှစ်ဘက်, ဦးခေါင်း, ဤငါးပါးသော အင်္ဂါတို့ကို မြေ၌ထိစေ၍ တည်ခြင်း (ထိခြင်း)ငါးပါးတို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြခြင်းသည် “ပဉ္စပတိဋ္ဌိတ”တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးခြင်းမည်၏။


ယင်းသို့ တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးကန်တော့ကြပြီးနောက် ရှိခိုးခံသူ (ရတနာသုံးပါး ဆရာမိဘများ)ထံမှ ပြန်လိုသည့်အခါတွင် ထိုပုဂ္ဂိုလ်များကို ရုတ်တရက်မျက်နှာလွှဲ၍ ကျောပေး၍ မပြန်ပဲ လက်အုပ်ချီ နောက်ဆုတ်သွားကာ ထိုပုဂ္ဂိုလ်တို့ မမြင်နိုင်လောက်သည့် အရပ်ရောက်မှ တည်ခြင်း(ထိခြင်း)ငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့၍ ပြန်လှည့်ပုံကို (သီလက္ခန် အဋ္ဌကထာ၊ သာမညဖလသုတ်၊ ၂၁၂)၌ ပြဆိုထားပေသည်။


တည်ခြင်း(ထိခြင်း)ငါးပါး အယူအဆများ---
တည်ခြင်း(ထိခြင်း)ငါးပါးကို ဖော်ပြကြရာတွင် တကျမ်းနှင့်တကျမ်း အဆိုမတူကြပေ။ အဆို(၃)မျိုး ကွဲပြားလျက်ရှိပေသည်။
(၁) ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်၌ “နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၂) သီလက္ခန်ဋီကာသစ်၊ ဒု၊ နှာ-၁၈-၌ “ခြေ-လက်-နဖူး, တတောင်-ဒူး ဖြင့် ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၃) ပရိဝါပါဠိတော် ကထိနတ္ထာရဝဂ်၌ကား “စံပယ်လက်အုပ်, ခြေဆုပ်မေတ္တာ, ရိုသေစွာဖြင့် ညွတ်ကာဝပ်စင်း မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။


အဆိုပါ ရှိခိုးနည်း သုံးမျိုးတွင် ပါရိဝါပါဠိတော်လာ နောက်ဆုံး ရှိခိုးနည်းမှာ အနီးမျက်မှောက်၌ ရှိခိုးစဉ်အခါ ပြုအပ်သော ကျင့်ဝတ်များသာဖြစ်၍ အဝေးမှာ ရှိခိုးရာ၌ မရနိုင်သောကြောင့် ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်နှင့် သီလက္ခန်ဋီကာသစ်လာ ရှိခိုးနည်းကိုသာတွင်ကျယ်စွာ အသုံးပြုကြသည်။ ထိုနှစ်နည်းတွင်လည်း ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်လာ (ပထမ)နည်းသာ သင့်လျော်ကောင်းမြတ်ပေသည်ဟု ပါရမီဒီပနီ ၂၅-တွင် လယ်တီ ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပါသည်။


မတ်တတ်ရပ် ရှိခိုးပုံ---
အကယ်၍ မြေ၌ခေါင်းချ၍ ရှိခိုးရန် ခွင့်မသာခဲ့သော် မတ်တတ်ရပ်လျက်သာလျှင် ကိုယ်ကို ရှေ့သို့ညွတ်၍ လက်အုပ်ချီပြီး ဦးညွတ်ကန်တော့နိုင်ကြောင်း (သာရတ္ထဒီပနီ ဋီကာ၊ တ-၄၃)နှင့် (ဝိနယာလင်္ကာရ ဋီကာ၊ ဒု-၃၆၈) တို့၌ မိန့်ဆိုထားပေသည်။ 
ရှိခိုးနည်းမှာ “ခြေစုံရပ်တည် လက်အုပ်ချီလျက် ဦးတည်ညွတ်ကျိုး” ရှိခိုးရပေမည်။


နှုတ်ဖြင့် ရှိခိုးပုံ (ဝစီ ပဏာမ) 
“ဗုဒ္ဓံ ပူဇေမိ” စသည်ဖြင့်၎င်း၊ “သြကာသ”စသည်ဖြင့်၎င်း၊ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးခြင်းသည် “ဝစီပဏာမ” နှုတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
( သြကာသ ဘုရားရှိခိုး-အမျိုးမျိုး ရှိကြ၏)


ဘုရားရှင်လက်ထက်တော်၌ကား ပင်ကိုယ်က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်သေးပဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်ဆည်းကပ်မည့်သူများ ဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ” စသောအားဖြင့် လျှောက်ထား၍ အရိုအသေပေး ရှိခိုးလေ့ရှိကြပါသည်။


စိတ်ဖြင့် ရှိခိုးပုံ (မနော ပဏာမ)
ကိုယ့်ဖြင့် ဦးညွတ်ရှိခိုးရာတွင်၎င်း, နှုတ်ဖြင့် ရွတ်ဆိုသီကျူး၍ ရှိခိုးရာတွင်၎င်း ရှေ့အဖို့ နောက်အဖို့ 
ဖြစ်သော စေတနာပြဋ္ဌာန်းသော ကုသိုလ်ဇောစိတ္တုပ္ပါဒ်သည် “မနော ပဏာမ” စိတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ဦးသုံးကြိမ်ချ၍ ရှိခိုးကြရာ၌ စိတ်ကလည်း ဘုရားသခင်စသည်ကို အာရုံမပြု၊ နှုတ်ကလည်း ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် မရွတ်ဆိုပဲ ဝတ်ကျေဝတ်ကုန် ဦးချသူတို့မှာ ကာယကံ ကုသိုလ်မျှသာဖြစ်သည်။ 
အချို့ကား ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် နှုတ်မှ ရွတ်ဆို၏။ ကိုယ်ဖြင့် ရှိခိုး၏။ စိတ်က ဘုရားစသောအာရုံသို့ မရောက်၊ ထိုပုဂ္ဂိုလ်များမှာ မနောကံ ကုသိုလ်မဖြစ်။ ကာယကံ ဝစီကံ နှစ်မျိုးသာ ဖြစ်ပေသည်။
ထို့ကြောင့် ကံသုံးပါးမြောက်အောင်  စိတ်က ဘုရားစသည်ကို အာရုံပြု၍, ဗုဒ္ဓံ ပူဇေမိ-စသည်ကို 
နှုတ်ကရွတ်ဆိုပြီး, ရှိခိုးဦးချ ကန်တော့ကြရမည်။ သို့မှသာ ကုယကံ ကုသိုလ်, ဝစီကံ ကုသိုလ်, မနောကံ ကုသိုလ် သုံးမျိုးလုံးကို အပြည့်အဝ ရနိုင်ကြပါမည်။


ရှိခိုးရာ၌ မှတ်သားဖွယ်---
အချို့ ပညာရှိ သူတော်ကောင်းတို့ကား မိမိက ရှိခိုးဦးချသည့်အခါဖြစ်စေ၊ မိမိက ရှိခိုးဦးချ ခံရသည့်အခါဖြစ်စေ မည်သည့်အခါမဆို ဂုဏ်တော်များကို ရွတ်ဖတ်ပွားများလေ့ရှိသည်ကို တွေ့ရသည်။ 
ရှိခိုးဦးချသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးမှုနှင့်စပ်၍ ကာယကံ ကုသိုလ်အပြင် ဝစီကံကုသိုလ် မနောကံကုသိုလ်များပါ ဖြစ်စေရန် ရည်သန်ကြောင်း သိရသည်။
ရှိခိုးခံသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးခံထိုက်သူ ဖြစ်စေရန်ဟု ဆိုပါသည်။ လွန်စွာ အဓိပ္ပါယ်ရှိ၍ လေးစားလိုက်နာ မှတ်သားဖွယ်ကောင်းလေစွ။

စကားကောင်းအင်္ဂါ(၁၀)ပါး


၁။ ပြောသင့်သော အချိန်အခါ၌ ပြောခြင်း၊
၂။ ဟုတ်မှန်သော စကားကို ပြောခြင်း၊
၃။ တရားနှင့်စပ်သောစကားကို ပြောခြင်း၊
၎။ အကျိုးနှင့်စပ်သော စကားကို ပြောခြင်း၊
၅။ ချစ်ဖွယ်သော စကားကို ပြောခြင်း၊
၆။ ပြုံးခြင်း ရှေ့ထား၍ ပြောခြင်း၊
၇။ နှိုင်းချိန်၍ ပြောခြင်း၊
၈။ အလျင်တဆော အလောတကြီး မပြောခြင်း၊
၉။ ပြည်ကြီးတိုင်းလုံး စကားဖြင့် ပြောခြင်း၊
၁၀။ အက္ခရာဋ္ဌာန်ကရိုဏ်း ပီသစွာ ပြောခြင်း ။ ။

သင်္ဂါယနာတင်ပွဲများ



သင်္ဂါယနာတင်ခြင်းဆိုသည်မှာ ကောင်းစွာစုပေါင်းရွတ်ဆိုခြင်းကို ဆိုလိုသည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပိဋကတ်ဓမ္မက္ခန္ဓာ ရှစ်သောင်းလေး ထောင်တို့ကို မချွတ်မယွင်း မတိမ်းမစောင်းစေဘဲ တိကျမှန်ကန်စွာ အရှည် တည်တံ့အောင် စည်းဝေးညှိနှိုင်း အမေးအဖြေ ပြုလုပ်ခြင်းဖြင့် အတည်ပြု ပြီးလျှင် ရဟန်းတော်များစုပေါင်း၍ ရွတ်ဆိုကြခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ သာသနာသက္ကရာဇ် ၂၅၀၀ အတွင်း သင်္ဂါယနာ ခြောက်ကြိမ် တင်ခဲ့ပြီး ဖြစ်သည်။



ပထမသင်္ဂါယနာ


မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်၊ ထိုနှစ် ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ခုနစ်လ တိုင်၊ အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်ပြည်၊ ဝေဘာရ တောင်ရှိ သတ္တပါဏီလိုဏ်ဂူတွင် ပထမသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။


ဒုတိယသင်္ဂါယနာ


ပထမသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့်တွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီပြည်၊ ၀ါလုကာရုံ ကျောင်းတော်၌ ရှစ်လတိုင်တိုင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရဟန်းအပါး ခုနစ်ရာ တို့သည် ရွတ်ဆို၍ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။


တတိယသင်္ဂါယနာ


သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်္က နန်းတက်သော အာသောကမင်းလက်ထက်တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ တတိယသင်္ဂါယနာတင်ပွဲ၌ ထူးခြားသော အကျိုးဆက် တစ်ရပ်မှာ ဓမ္မဒူတခေါ် သာသနာပြုများ၊ သာသနာ့ တမန်တော်များအား ကမ္ဘာအရပ်ရပ် နိုင်ငံများသို့ စေလွှတ်ခြင်းဖြင့် သာသနာတော် ပြန့်ပွားစေခဲ့ခြင်းဖြစ်သည်။



စတုတ္တသင်္ဂါယနာ

သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ၀ါဋဂါမဏိမင်းလက်ထက် သီဟိုဠ် (ယခုသီရိလင်္ကာ)ကျွန်း၌ စတုတ္တသင်္ဂါယနာကို တင်ခဲ့သည်။

ယင်းသင်္ဂါယနာတင်ပွဲကို အိန္ဒိယနိုင်ငံက အသိအမှတ်မပြုဘဲ နောက် နှစ်(၁၅၀)အကြာ သာသနာသက္ကရာဇ် ၆၀၀ တွင် အိန္ဒိယနိုင်ငံ၊ ကနီသျှက မင်းလက်ထက်၊ ကသ္မီရတိုင်း၊ ဇလန္ဓရမြို့၌ သင်္ဂါယနာတင်ခဲ့သည်။
(က) သီဟိုဠ်ကျွန်း၌ တင်ခဲ့သော စတုတ္တသင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံ၌ ပြုလုပ်သော စတုတ္တသင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲဟုလည်းကောင်း ခေါ်သည်။


ပဉ္စမသင်္ဂါယနာ


စတုတ္တသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၂၀၀၀ ခန့်အကြာ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက်၊ သာသနာသက္ကရာဇ် ၂၄၁၅ ခု၊ မြန်မာသက္ကရာဇ် ၁၂၂၂ ခု၊ ကဆုန်လဆန်း (၁)ရက်နေ့မှ ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လဆန်း(၁၄)ရက်နေ့ထိ ကျောက်ထက်အက္ခရာ တင်ခြင်းနှင့် နှုတ်တက်သံပြိုင် ရွတ်ဆိုခြင်းနှစ်မျိုးဖြင့် ပဉ္စမသင်္ဂါယနာ ကိုတင်ခဲ့ခြင်းဖြစ်သည်။


ဆဋ္ဌမသင်္ဂါယနာ


ပဉ္စမသင်္ဂါယနာတင်ပြီးနောက် နှစ်ပေါင်း(၈၀)အကြာ သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ဆဋ္ဌမသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီးကိုဆင်ယင်ကျင်းပခဲ့သည်။

ဆဋ္ဌမသင်္ဂါယနာတင်ပွဲသို့ ယိုးဒယား၊ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား လေးနိုင်ငံမှ ပိဋကတ်ကျွမ်းကျင် ပညာရှင် မထေရ်ကြီးများအား မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ မြန်မာနိုင်ငံမှ ပညာရှင်မထေရ်မြတ်ကြီးများ အပါအ၀င် သံဃာတော် ၂၆၁၇ ပါးတို့ဖြင့် ဆဋ္ဌမသင်္ဂါယနာ တင်ပွဲ ကျင်းပခဲ့သည်။
ဆဋ္ဌမသင်္ဂါယနာတင်ပွဲတွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ပိဋကတ်တော်နှင့်စပ်လျဉ်းသည့် မေးခွန်းများကို မေးပြီး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တ သာရဘိဝံသ ဆရာတော် ဘုရားကြီးက အလုံးစုံကုန်စင်အောင် ဖြေကြားတော်မူခဲ့သည်။

ဗလ(၅)တန်


၁။ ကာယဗလ = ခန္ဓာကိုယ်လက် ကျန်းမာကြံ့ခိုင် သန်းစွမ်းမှု ။
၂။ ဥာဏဗလ = အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု ။
၃။ စာရိတ္တဗလ = ကိုယ်ကျင့်တရားကောင်းမွန်မှု ။
၎။ ဘောဂဗလ = စီးပွားရေး၊ ကြီးပွားရေး နားလည်မှု ။
၅။ မိတ္တဗလ = ပေါင်းသင်းဆက်ဆံတတ်မှု ။ ။

လောကဓံတရား (၈)ပါး


၁။ လာဘော = ပစ္စည်းဥစ္စာပေါများခြင်း ။
၂။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း ။
၃။ ယသော = အခြွေအရံများခြင်း ။
၎။ အယသော = အခြွေအရံနည်းခြင်း ။
၅။ နိန္ဒာ = ချီးမြှောက်ခံရခြင်း ။
၆။ ပသံသ = ကဲ့ရဲ့ခံရခြင်း ။
၇။ သုခံ = ချမ်းသာခြင်း ။
၈။ ဒုက္ခံ = ဆင်းရဲခြင်း ။

စိတ်အားလျော့ခြင်း၊ စိတ်အားငယ်ခြင်းအကြောင်း(၂၅)ပါး


၁။ အမျက်ထွက်ခြင်း။
၂။ ရန်ငြိုးဖွဲ့ခြင်း။
၃။ ချုပ်ချယ်ခြင်း။
၎။ သူတစ်ပါးကျေးဇူးကို ဖျက်ဆီးခြင်း။
၅။ ငြူစူခြင်း။
၆။ ၀န်တိုခြင်း။
၇။ လှည့်ပတ်ခြင်း။
၈။ စဉ်းလဲခြင်း။
၉။ မိုက်မဲခြင်း။
၁၀။ သူတစ်ပါးသီလကို ဖျက်ဆီးခြင်း။
၁၁။ စိတ်ကြီးဝင်ခြင်း၊ ထောင်လွှားခြင်း။
၁၂။ အလွန်မာနတက်ခြင်း။
၁၃။ မာန်ယစ်ခြင်း။
၁၄။ မေ့လျော့ခြင်း။
၁၅။ တွေဝေခြင်း။
၁၆။ ငိုက်မျဉ်းခြင်း။
၁၇။ ပျင်းရိခြင်း။
၁၈။ မိတ်ဆွေယုတ်နှင့် ပေါင်းခြင်း။
၁၉။ အဆင်း၌ တပ်မက်ခြင်း။
၂၀။ အသံ၌ တပ်မက်ခြင်း။
၂၁။ အနံ့၌ တပ်မက်ခြင်း။
၂၂။ အရသာ၌ တပ်မက်ခြင်း။
၂၃။ အတွေ့အထိ၌ တပ်မက်ခြင်း။
၂၄။ ဆာလောင်မွတ်သိပ်ခြင်း၌ တပ်မက်ခြင်း။
၂၅။ တရားတော်၌ မမွှေ့လျောခြင်း။ ။

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား(၄)ပါး


၁။ ဣတ္တိဓုတ္တ = မိန်းမလိုက်စားခြင်း ။
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ။
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း ။
၎။ ပါပမိတ္တ သဟ = ယုတ်မာသောမိတ်ဆွေနှင့် ပေါင်းဖော်ခြင်း ။

မျက်မှောက်ကြီးပွားကြောင်းတရား(၄)ပါး

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု ။
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ။
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု ။
၎။ သမဇိဝိတသမ္ပဒါ = မျှတစွာ အသက်မွေးမှု။

သိထားသင့်သော ကယ်လိုရီတန်ဖိုးများ


မိမိစားသုံးသည့် အစားအစာများတွင် အင်အားဓါတ်မည်မျှပါသည်ကို သိထားခြင်းအားဖြင့် အစားအစာကို ချင့်ချိန်စားသုံးနိုင်ရန်အတွက် အသုံးများသော အစားအစာများဧ။် ကယ်လိုရီတန်ဖိုးများကို ဖော်ပြပါသည်။

ထမင်း (၁ပန်းကန်) ၂၆၀ ကယ်လိုရီ
ကြက်ဥ (အစိမ်း) ၇၈ ကယ်လိုရီ

ကြက်ဥကြော် (၁လုံး) ၁၀၇ ကယ်လိုရီ

coke cola (သံဘူး)၁ဘူး ၁၁၇ ကယ်လိုရီ

သကြား (ဇွန်းသေး၁ဇွန်း) ၆၀ ကယ်လိုရီ

ပန်းသီး ( ၁လုံး) ၅၂ ကယ်လိုရီ

ငှက်ပျောသီး (၁လုံး) ၃၈ ကယ်လိုရီ

သရက်သီး (၁လုံး) ၁၀၂ ကယ်လိုရီ

သဘောင်္သီး (၁စိတ်) ၅၃ ကယ်လိုရီ

black forest cake (၁တုံး) ၂၇၄ကယ်လိုရီ

plain cake (၁တုံး) ၁၄၁ကယ်လိုရီ

ကြာဇံကြော် (၁ပန်းကန်) ၂၉၄ကယ်လိုရီ

ဒန်ပေါက်ထမင်း (၁ပန်းကန်) ၄၄၈ကယ်လိုရီ

ထမင်းကြော် (၁ပန်းကန်) ၆၃၇ကယ်လိုရီ

အသားညှပ်ဘာဂါ (၁ခု) ၅၇၀ကယ်လိုရီ

မိမိတို့စားသုံးတဲ့ အစားအစာတွေမှာ ကယ်လိုရီတွေ ဘယ်လောက်ပါတယ်ဆိုတာ သိထားခြင်းအားဖြင့် အစားအစာတွေကို ဆင်ခြင်ပြီးစားသုံးနိုင်ပြီးအ၀လွန်ခြင်းကို ထိန်းသိမ်နိုင်ပါတယ်။ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများ ရရှိနိုင်ပါတယ်။
@သက်တန့်ချို

သံဃာတော်များ နှင့် ပြောဆိုဆက်ဆံနည်း


စကားပြောဆိုလျှောက်ထားခြင်း
သံဃာတော်များနှင့် ပြောဆိုသောအခါ မိမိကိုယ်ကို ရည်ညွှန်းလျှင် တပည့်တော် ဘုရာတပည့်တော် ဟူ၍ သုံနှုန်းပြောဆိုရပါမည်။ ကျွန်တော် ကျွန်မ ငါက စသည့်လူအချင်းချင်းသုံးသည့်စကားဝေါဟာရဖြင့် မပြောဆိုရပါ။
ရဟန်းသံဃာကို ရည်ညွှန်းလိုလျှင် အရှင်ဘုရား ဆရာတော်ဘုရား ဦးပဉ္စင်းဘုရား စသည်ဖြင့် ယဉ်ကျေးစွာ ခေါ်ဝေါ်သုံးနှုန်းရမည်။
ဘဘုန်းဘုန်း ဖေကြီးဘုရား အဖိုးဘုန်းဘုန်း ဦးကြီး အစ်ကိုကြီး စသည်ဖြင့် လောကီအသုံးအနှုန်းဖြင့် ရောယှက်ကာခေါ်ဝေါ်ခြင်းမပြုအပ်ပေ။
ရဟန်းသံဃာများကလည်း ဒါယကာကြီး ဒါယိကာမကြီး ဒကာကြီး ဒကာလေး ဒကာမကြီး စသည့်သာသနာတော်သုံးဝေါဟာရများဖြင့်သာ ခေါ်ဝေါ်သင့်ပြီး အစ်ကို အစ်မ ညီလေး ညီမ အဖေ အမေ အဖိုး အဖွား ဟူ၍ မခေါ်ဝေါ်သင့်ပါ။
ရဟန်းသံဃာများကလည်း ဘုန်းကြီးတို့ ဦးပဉ္စင်းတို့ ဟူ၍ သုံးနှုန်းသင့်ပါသည်။ ကျုပ်တို့ ငါတို့ ကျွန်တော်တို့ ဟူသော အရပ်သုံးစကားဖြင့် မသုံးသင့်ပါ။

ဥပမာမေးလျှောက်ကြပုံ

လူပုဂ္ဂိုလ် ။ ။ ဦးပဉ္စင်းဘုရား အရှင်ဘုရားတို့ကျောင်းတိုက်မှာ သံဃာတော်ဘယ်နှစ်ပါးသီတင်းသုံးကြပါသလဲဘုရား။
ဆွမ်းကွမ်းကော လုံလောက်မျှတကြပါရဲ့လားဘုရား။
ရဟန်းတော်။ ဦးပဉ္စင်းတို့ကျောင်းမှာ စာသင်သံဃာတော်အပါး ၅၀ လောက်ရှိပါတယ်။ ဒကာကြီးတို့လို လစဉ်ဆွမ်းအလှူရှင်တွေရဲ့ စေတနာသဒ္ဓါတရားကြောင့် ဆွမ်းကွမ်းပြည့်စုံမျှတကြပါတယ်။
လူပုဂ္ဂိုလ် ။ ။ အရှင်ဘုရားကတပည့်တော်ပစ္စည်းလေးပါးဒယိကာခံဖို့ ဖိတ်ကြားပါတယ်ဘုရား။
ရဟန်းတော်။ ကောင်းပါပြီဒကာကြီး၊ အလိုရှိတဲ့အခါ ဦးပဉ္စင်းပြောပါ့မယ်။

သာသနာတော်အသုံးအနှုန်းများ

သံဃာတော်ကိုပင့်လိုလျှင် ကြွတော်မူပါဘုရား
ပြောစေလိုလျှင် အမိန့်ရှိတော်မူပါဘုရား
စားစေလိုလျှင် ဘုဉ်းပေးတော်မူပါဘုရား
သောက်စေလိုလျှင် သုံးဆောင်တော်မူပါဘုရား
ခေတ္တရပ်စေလိုလျှင် ရပ်တော်မူပါဦးဘုရား
ထိုင်စေလိုလျှင် ထိုင်တော်မူပါဦးဘုရား
ဖိတ်ခေါ်လိုလျှင် ပင့်လျှောက်သည်
သံဃာတော်ကိုအပ်စပ်အောင်ပြုလုပ်သူ ကပ္ပိယ
လမ်းလျှေက်သည်ဆိုလျှင် စင်္ကြန်လျှေက်သည်
သွားသည်ဆိုလျှင် ကြွသည်
အိပ်သည်ဆိုလျှင် ကျိန်းသည်
စာကျက်သည်ဆိုလျှင် စာအံသည်
အပြစ်ကိုဝန်ခံသည်ဆိုလျှင် အာပတ်ဖြေသည်
စည်းကမ်းဆိုလျှင် ၀ိနည်း
ထမင်းဆိုလျှင် ဆွမ်း
ဟင်းဆိုလျှင် ဆွမ်းဟင်း
မုန့်ဆိုလျှင် မုန့်ဆွမ်း

ပညာရှိဘာသာခြားများတောင် ပြောဆိုတတ်နေလေပြီ!!!

Monday, September 24, 2012

သြကာသ ဘုရားရှိခိုး အကြောင်းသိကောင်းစရာ



သြကာသ ဘုရားရှိခိုး

သြကာသ…သြကာသ….သြကာသ
ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ
ရတနာ မြတ်သုံးပါးတို့ ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့
ကန်တော့ပါ၏ ရှင်ဘုရား။

ဆုတောင်း ခြင်း။ ။ ကန်တော့ ရသော အကျိုး အားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊
ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး၊ တို့မှ အခါ ခပ်သိမ်း ကင်းလွတ်
ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား၊



အဓိပ္ပါယ်ရှင်းလင်းချက်များ

သြကာသ = ခွင့်ပြုတော်မူပါ ၊
ရှိခိုးကန်တော့ ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်သည်၊ ရိုသေမှုကို အလေးအနက် ပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုသည်။

ကာယကံ = ကိုယ်ဖြင့် ပြုလုပ်သော အမှု။
ဝစိကံ = နှုတ်ဖြင့် ပြောဆို သော အမှု
မနောကံ = စိတ်ဖြင့် ကြံစည်သော အမှု
သဗ္ဗဒေါသ= ခပ်သိမ်းသော အပြစ်။
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ=
ရတနာသုံးပါးနှင့် မိဘ ဆရာ တို့ကို ကိုယ်အမူအရာ ပြစ်မှားခြင်း ၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်း တို့တွင် တစ်စုံ တစ်ခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထို အပြစ်တို့ ကို ပပျောက် လျော့ ပါးသွားစေရန် တောင်းပန်ကန်တော့သည်။
အရိုအသေ = ရိုသေစွာ ၊ မလေးမခန့် မပြုဘဲ ကျိုးနွံစွာ
အလေးအမြတ် = လေးစားမြတ်နိုးစွာ
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဘက် ကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍ နဖူးအထိ ချီးမြောက်ထားလျက်
ရှိခိုး = အရိုအသေ ပြုသည်

ရှိခိုးခြင်း (၃) မျိုး ရှိသည်၊ လက်အုပ်ချီ၍ ထိခြင်း ငါးပါး ဖြင့် ရှိခိုး ခြင်း ကို ကိုယ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး တို့၏ ဂုဏ်တော်များကို နှုတ်ဖြင့် ရွတ်ဆို ၍ ရှိခိုးခြင်း ကို နှုတ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး ၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန် အောက်မေ့ ဆင်ခြင် ခြင်း ကို စိတ်ဖြင့် ရှိခိုးသည် မည်၏ ။

ပူဇော် = တစ်စုံ တစ်ခုပေး၍ အလေးအမြတ် ပြုသည်
ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း (၂) မျိုး ရှိသည် ၊ ကျင့်ဝတ်ပူဇော်ခြင်းသည်
တရားဖြင့် ပူဇော်ခြင်းဖြစ်၏ ။
ဖူးမြော် = ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်း ၊ ဥာဏ်မျက်စိ ၌ ထင်ရှားပေါလွင်အောင် အာရုံပြု ခြင်းဟူ၍ (၂)မျိုး
ရှိသည်။
မာန်လျှော့ = မာန်မာန ကို လျှော့ချခြင်း၊
မိမိသည် ရတနာသုံးပါး အောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့ နိုင်သည်။
ကန်တော့ = ၀န်ချတောင်းပန်သည်။
ကန်တော့ရသော အကျိုးအားကြောင့် = ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် နှင့် အဓိပ္ပါယ် တူပါသည်
ကန်တော့ တဲ့ အခါမှာ ၀န်ချတောင်းပန်တဲ့အခါမှာ …အပြစ်ရှိ၍ ကန်တော့ခြင်း နှင့် ကုသိုလ် ရလို၍ ကန်တော့ခြင်း
ဟု၍ နှစ်မျိုး ရှိပါသည်။


အပါယ်လေးပါး = ချမ်းသာကင်း ၍ ကုသိုလ်ပြုခွင့်မရသော အရပ်လေးမျိုး၊
၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး တို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။
၂။ တိရစ္ဆာန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာ ကန့်လန့် သွားတတ်သော သတ္တ၀ါ တို့၏ ဘုံ။
၃။ ပြိတ္တာ = စားရမဲ့ ။ဝတ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူ တို့၏ဘုံ၊
၎။ အသူရကာယ်= ပြိတ္တာ များထက်ပို၍ ဆင်းရဲငတ်ပြတ် သော ဘုံ၊
• လောကြီး သူ သေလျှင်မူ ရှေးရှု ပြိတ္တာ ဘဝ
• ဒေါသ ကြီးသူ သေလျှင်မူ ရှေးရှု ငရဲ ဘဝ
• မောဟ ကြီးသူ သေလျှင်မူ ရှေးရှု တိရစ္ဆာန် ဘဝ


ကပ်သုံးပါး = ဘေးအန္တရာယ် ကျရောက်နေသော အချိန် ကာလ (၃) မျိုး ။
၁။ ဒု ဗ္ဘိက္ခ န္တရကပ် = (ဒုဗ်ဘိတ်ခန်တရကပ် ဟု ဖတ်ရမည် ) ငတ်မွတ်ခြင်း ဘေးဆိုက်ရောင်သော ကာလ။
၂။ သတ္တ န္တ ရကပ် = (သတ်ထန်တရ ကပ် ဟု ဖတ်ရမည်) လက်နက်ဘေး၊ စစ်ဘေး ဆိုက်ရောက်နေသော ကာလ
၃။ ရောဂ န္တရကပ် = (ရောဂန်တရ ကပ် ဟုဖတ်ရမည် ) ကူးစက်ရောဂါ ဘေး အန္တရယ် ဆိုက်ရောက်နေသော ကာလ။
• လောဘကြီးက ငတ်မွတ်ရ ဒုက္ခ ကပ်ကြီးဆိုက်တတ်သည်
• ဒေါသကြီး က သတ်ဖြတ် ကြ သတ္တ ကပ်ကြီး ဆိုက်တတ်သည်
• မောဟ ကြီး က ဖျားနာကြ ရောဂ ကပ်ကြီးဆိုက်တတ်သည်။


ရပ်ပြစ်ရှစ်ပါး = အပြစ်ရှိ သော အရပ် (၈) မျိုး ။
၁။ ငရဲဘုံ
၂။ တိရစ္ဆာန်ဘုံ
၃။ ပြိတ္တာဘုံ
၎။ အ ရူပ ဗြဟ္မာ ဘုံ (ရုပ်မရှိ) ၊ အသညာသတ်ဘုံ (နာမ်မရှိ)
၅။ ပစ္စ န္တရစ် = တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူ၇ိုင်း ဒေသ၊
၆။ မိစ္ဆာဒီဌိ = မှားယွင်းသော အယူဝါဒရှိသူ၊
၇။ ဒုပဗည = ဥာဏ်မွဲ၍ လူစဉ်မမီသူ
၈။ သာသနာပကာလ = ဘုရားမပွင့်သော အခါ ။
ဤ အရပ်တို့ ၌ ဖြစ်လာသူများသည် မြတ်စွာဘုရား ၏ တရားတော် များကို နားကြားခွင့် မရ ၊ နာကြားရလျှင် လည်း အဓိပ္ပါယ်မသိ ကြချေ။


ရန်သူမျိုး (၅) ပါး = ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ အမွေခံဆိုး ။
ရေလွှမ်းမိုးသော ဘေးရန် ၊ မီးလောင်ခြင်း ဘေးရန်၊ ရာဇ၀တ်ပြစ်ဒဏ် ခံရခြင်း ဘေးရန် ၊ ခိုးဝှက် လူယက်ခြင်း ခံရသော ဘေးရန် ၊ မိဘ ပစ္စည်း ကို ဖြုန်းတီး၍ မိဘ ကို နှိပ်စက် တတ်သော သားဆိုး၊ သမီးဆိုး ဘေးရန် တို့ ဖြစ်သည။်


ဝိပတ္တိ တရား (၄) ပါး = ဖောက်ပြန်ချွတ်ယွင်း ခြင်းတရား
၁။ ဂတိဝိပတ္တိ = လားရာဂတိ ဖောက်ပြန်ခြင်း ၊ အပါယ် အုံ ၌ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်း အင်္ဂါ ချို့တဲ့ခြင်း ၊
၃။ ကာလ၀ိပတ္တိ = ခေတ်ပျက်ခြင်း။ တရားဥပဒေ ဖြင့် အုပ်ချုပ်မှုကင်းမဲ့ သောအခါ ကာလာ
၎။ ပယောဂ၀ိပတ္တိ = အားထုတ်မှု မမှန်ကန်ခြင်း။ အကုသိုလ် အမှုများ ၌ အားထုတ်ခြင်း ၊ အပြစ်ကျူးလွန်ခြင်း


ဗျသနတရား (၅) ပါး = ပျက်စီးခြင်း တရား ၅ မျိုး
၁။ ဥာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ် ဥစ္စာပျက်စီးခြင်း
၃။ ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူလွဲမှား ၍ ပျက်စီးခြင်း
သီလ ဗျသန နှင့် ဒီဌဗျသန သည် ဤ ဘ၀ ၌ သာ မက နောင်ဘ၀ များစွာ တို့ ၌ လည်း ဆင်းရဲခြင်း ကိုဖြစ်စေသည် အပါယ် သို ကျရောက်စေပါသည်။


မဂ်တရား = လောဘ စသော ကိလေသာ ကို ပယ်သက်၍ နိဗ္ဗာန် သို့ သွားရောက်ကြောင်းဖြစ်သော တရားလမ်း
သောတပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါတ်မိမဂ်၊ အရဟတ္တမဂ် ဟူ၍ မဂ် ( ၄ )ပါး ရှိပါသည်။


ဖိုလ်တရား = မဂ်၏ အကျိုးတရား ၊ နိဗာန် ချမ်းသာ ကို ခံစား စေနိုင်သော ဥာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊
အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ် (၄) ဖိုလ် ရှိပါသည်။


နိဗာန်တရား = လောဘ၊ ဒေါသ၊ မောဟ တို့ ကုန်ရာ ဖြစ်၍ ထာဝရ ငြိမ်းအေးချမ်းသာ နေခြင်းသဘော၊

ကန်တော့ ခြင်း ၏ အကျိုး
ကန်တော့ ခြင်း သည် မိမိ ၏ မာန်မာန ကို ချိုးနှိမ် ၍ ၀န်ချတောင်းပန် သော အမှု ဖြစ်သည်၊ ထောင်လွှား ၀င့်ကြွားခြင်း ၊ မာန သည် သူ တစ်ပါး တို့ အမြင် ကပ်စရာဖြစ်ပြီး အပါယ်ဘုံ သို့ ပစ်ချ တတ်၏၊ မာန်မာန ကို ဖယ်၍ ဦးချ ကန်တော့သည့် အခါ ကုသိုလ် စိတ်များဖြစ်သည်၊ ထို ကုသိုလ် စိတ်များက ကောင်းကျိုးများစွာကိုပေးစွမ်းနိုင်ပါသည်


ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒများ


ဘုရားရှင်နှင့် အယူဝါဒရေးရာများ ယှဉ်ပြိုင်ဟောပြောခဲ့ကြသော အတွေးအခေါ် ပညာရှင် ဆရာကြီး ၆ ဦးကို ဗဟုသုတ ဖြစ်ပါစေခြင်းငှာ တင်ပြလိုက်ပါတယ်။

၁။ ပူရဏကဿပဆရာကြီးက သတ်ခြင်း၊ ခိုးခြင်းစသော မကောင်းမှုများကို ပြုသော်လည်း ပြုရာမရောက်၊ လှူဒါန်းပေးကမ်းခြင်း သီလစောင့်ခြင်းစသော ကောင်းမှုများလုပ်သော်လည်း ကုသိုလ်မဖြစ်၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးပြစ်ဟူ၍ မရှိ၊ အတ္တကို အကျိုး မသတ်ရောက်စေနိုင်၊ လူသေလျှင် ခန္ဓာကိုယ်မှ ဓာတ်များအားလုံး ဆိုင်ရာ မူလဓာတ်နှင့် ပူးပေါင်းသွားကြသည်။ ခန္ဓာကိုယ်ရော စိတ်ဝိညာဏ်ပါ ဘာတစ်ခုမှ ကြွင်းကျန် မနေရစ်ပြီဟု ဟောပြောသည်။ (အကိရိယဒိဋ္ဌိခေါ်၏၊ အကြောင်းပယ်သည်။)

၂။ မက္ခလိဂေါသာလ ဆရာကြီးက သတ္တ၀ါမှန်သမျှ အကြောင်းမဲ့ ဖြစ်နေကြ၏။ ညစ်ညူးစေရန် စင်ကြယ်စေရန် အကြောင်းမရှိ၊ လုပ်ယူ၍မရ၊ ကြိုးစားအားထုတ်မှု မှန်သမျှ အချည်းနှီး၊ ဖြစ်အောင်လုပ်၍ မရ၊ မဖြစ်အောင်လည်း လုပ်၍မရ၊ သူ့သတ်မှတ်ချက်အတိုင်း ဖြစ်နေရသည်၊ သူဖြစ်ချင်သလို ဖြစ်နေရသည်။ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူမိုက်ရော လူလိမ္မာပါ မဟာကပ် ရှစ်သန်းလေးသိန်း ရှိလျှင် သံသရာအလည်ရပ်၍ သတ္တ၀ါအားလုံး ဘ၀ပြတ်ပြီ။ အပ်ချည်ရှိသလောက်သာ အပ်ချည်လုံး ပြေးရသကဲ့သို့ ဖြစ်သည် ဟု ဟောပြောသည်။
(အဟေတုကဒိဋ္ဌိ - နိယတ၀ါဒခေါ်၏။ ကြောင်းကျိုး ပယ်သည်။)

၃။ အဇိတကေသကမ္ဗလ ဆရာကြီးက မကောင်းမှုလုပ်သော်လည်း မကောင်းကျိုး မရှိ၊ ကောင်းမှုလုပ်သော်လည်း ကောင်းကျိုးမရ၊ အတ္တသို့ အကျိုးမသတ်ရောက်စေ၊ မိုက်သူလှူ၍ လိမ္မာသူ စားသည်။ တမလွန်ဘ၀မရှိ၊ ငရဲ နတ်ပြည် ဘာမှမရှိ၊ မိဘနှစ်ပါးအပေါ် ကောင်းကောင်း ဆိုးဆိုး အကျိုးအပြစ် မရှိ၊ အသိအမြင်ပေါက်သော သူတော်သူမြတ်မရှိ၊ လူဆိုသည်မှာ အတူတူချည်း၊ ဓာတ်လေးပါး အစုအဝေးသာ၊ သေလျှင်ပြတ်ပြီ၊ မြေဓာတ် မြေနှင့်ပေါင်း၏။ ရေဓာတ်ရေနှင့် ပေါင်း၏ ဟုဟောပြောသည်။ (နတ္ထိဒိဋ္ဌိ - ဥစ္ဆေဒ၀ါဒခေါ်၏။ အကျိုးပယ်သည်။ အကြောင်းပယ်လျှင် အကျိုးပယ်ပြီး၊ အကျိုးပယ်လျှင် အကြောင်းပါပြီး ဖြစ်၍ ဤသုံးဦးစလုံး ကမ္မ၊ ကမ္မဖလ နှစ်မျိုးပယ်၍ အတူတူပင်ဖြစ်သည်။)

၎။ ပကုဓကစ္စာယန ဆရာကြီးက ဖန်ဆင်းရှင်ကို လက်မခံ၊ အမြဲတည်သော ထာဝရဓာတ် ခုနှစ်(၇)ပါးသာ ရှိသည်။ မြေ. ရေ. လေ. မီး. သုခ. ဒုက္ခ. အသက်ဇီဝ. ဓာတ်(၇)ပါး သီးခြားစီ တည်ရှိနေကြ၏။ တစ်ခုက တစ်ခုကို ပြုလုပ်ဖန်တည်း ချယ်လှယ်ခွင့် မရှိ၊ ချမ်းသာအောင် သက်သာအောင် လုပ်၍မရ။ ဆင်းရဲအောင် သေကြေအောင်လည်း လုပ်၍မရ။ လူတစ်ယောက်က လူတစ်ယောက်ကို ဓားဖြင့် ခုတ်သတ်သော်လည်း သတ်ရာမရောက်၊ ပဲနောက်ပုံထဲ တုတ်ဖြင့်ထိုးလျှင် ပဲနောက်ကိုမထိ၊ ပဲနောက်စေ့များကြားက တုတ်ဖြတ်သွားသကဲ့သို့ လက်နက်သည် ဓာဝရဓာတ်ကိုမထိ၊ ဓာတ်(၇)ပါး ကြားကသာ ဖြတ်သွား၍ သတ်သည်မမည် ဟု ဟောပြောသည်။
(အကိရိယဒိဋ္ဌိပင်၊ အညောည၀ါဒခေါ်၏။ ဓာတ်(၇)ပါးဟူသည် အတ္တကိုပင် ပြောဆိုခြင်းဖြစ်၍ သဿတ၀ါဒဟု ခေါ်ရသည်။)

၅။ နိဂဏ္ဌ နာဋပုတ္တဆရာကြီးက ဂေါတမဗုဒ္ဓထက် အနည်းငယ်ကြီး၏။ မဟာဝီရဟုလည်း ခေါ်ကြ၏၊ ယခုအခါ ဣန္ဒိယနိုင်ငံ၌ ဂျိန်းဘာသာအမည်ဖြင့် ဤ၀ါဒတစ်ခုသာ ကြွင်းကျန်တော့၏၊ အ၀တ်ဝတ်သော ဂိုဏ်းနှင့် အ၀တ်မ၀တ်သော ဂိုဏ်းနှစ်မျိုးရှိ၏။ သူ့ဝါဒက စောင့်စည်းမှုလေးမျိုးကို ပြဋ္ဌာန်းသည်။ (ရေ၌ အသက်ရှိသည်ဟု ခံယူသဖြင့်) ရေအေးမသုံး မစွဲရ၊ မကောင်းမှုအားလုံး မလုပ်ရ၊ မကောင်းမှုအားလုံးကို ပြင်းထန်တင်းကြပ်စွာ ဆွေးမြေ့သွားအောင် ဖယ်ရှားရ၏၊ မကောင်းမှုအားလုံးမှ လွတ်မြောက်ပြီး ဖြစ်ရ၏၊ သာမညဖလသုတ် ပါဠိတော်၌ ဤစောင့်စည်းခြင်း လေးမျိုးကိုပြသည်၊ အချို့ကမူ မသတ်၊ မခိုး၊ မလိမ်ခြင်းနှင့် ကိုယ်ပိုင်ပစ္စည်းမထားရ၊ သို့မဟုတ် အဗြဟ္မစရိယ စောင့်စည်းခြင်းဟု ဆိုသည် (စတုယာမ သံဝရ ၀ါဒ၊ အနေကန္တ၀ါဒ ဟု ခေါ်သည်)

၆။ သဉ္စယဗေလဋ္ဌပုတ္တ (သိဉ္စည်း) ဆရာကြီးက ဥပတိဿ ကောလိတ တို့၏ ဆရာဖြစ်ဖူး၏၊ သူ၏၀ါဒကား ဘာကိုမှ ၀န်မခံ၊ အမိမခံ၊ ရှောင်လွှဲလှီးလွှဲသော အဖြေကိုသာ ပေးလေ့ရှိသော ၀ါဒဖြစ်၏။ သူ့အယူအဆ ဘာဟုသိရန် မလွယ်၊ အမရာခေါ်သော ဖမ်းရခက်သော ငါးတစ်မျိုးနှင့်တူသော (အမရာဝိက္ခေပ) ၀ါဒ ဟုခေါ်သည်၊ အဇာတသတ်မင်းကြီးက ဆရာကြီး ၆-ဦးထဲမှာ သိဉ္စည်းဆရာကြီးကို အတွေဝေဆုံး အမိုက်ဆုံးဟု မှတ်ချက်ချခဲ့သည်။

   ရှိရင်းစွဲ ဗြဟ္မဏ၀ါဒအပြင် ဗုဒ္ဓနှင့်ခေတ်ပြိုင် ဘုရားအမည်ခံ အထက်ပါဆရာကြီးများ၏ အယူဝါဒတို့ကို ကြည့်လျှင် ဗုဒ္ဓမပွင့်ပေါ်မီနှင့် ပွင့်ပေါ်စခေတ်က လူသားတို့ အယူဝါဒရေးရာ မည်မျှတွေဝေစရာ ဖြစ်သည်ကို မြင်သာလှ၏။ ခိုးမှုသတ်မှုများကို အပြစ်မရှိဟု ဆိုသဖြင့် ထိုဝါဒတစ်ခုတည်းဖြင့်ပင် ကမ္ဘာပျက်နိုင်လောက်သည်။ လူမိုက်အားပေးသော မွေးထုတ်သော ၀ါဒဖြစ်၏။ ထို့ကြောင့်လည်း ဆရာကြီးတိုင်းတွင် အဖွဲ့ဝင်ဝေနေယျတို့လည်း များစွာရှိနေခဲ့ကြသည်။ အလွန်သိမ်မွေ့လှသော ဗုဒ္ဓ ဓမ္မသည် ထိုပတ်ဝန်းကျင်၌ ထိုးထွက်လာခဲ့သည်၊ မည်မျှ ထိုးနှက်တိုက်ခိုက်ခြင်း ခံရမည်ကိုလည်း စဉ်းစားရာ၏။

ရှင်ဥက္ကဋ္ဌ နှင့် နတ်မှီတောရ

နတ်မှီတောရသို့ သွားခြင်း

ရေးသူ- သုဒ္ဓ (၂၄- ဇူလိုင် ၂၀၁၁)

ရှင်ဥက္ကဋ္ဌသည် သူ၏ အမြင်သစ် အတွေးသစ်များပါသည့်
စာအုပ်စာတန်းမျိုးစုံကို ရေးသား၏။ ထိုအခါ တိုင်းပြည်တွင်
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်
-ဆရာ ပါရဂူ

တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်ကွက်၊ ကန်သာယာလမ်းမှ
တဆင့် ကန်ပေါင်ပေါ်သို့ တက်လိုက်သောအခါ အပြောကျယ်လှသည့်
ကန်တော်ကြီးကန်ကို တွေ့မြင်ရသည်။ မြေလတ်မြို့တစ်မြို့တွင်
ဤမျှကျယ်ပြောသည့် ရေကန်တစ်ခုကို မြင်ရလိမ့်မည်ဟု မထင်မိခဲ့ချေ။
ကြာပန်းနီနီတွေက ကန်ရေပြင်ထက်သို့ တိုးတက်ဝင့်ကြွားကာ လှအောင်
ပွင့်နေကြသည်။ ကန်ပေါင်တစ်လျှောက်တွင် အခါကြီးရက်ကြီး ဝါဆို
လပြည့်နေ့နံနက်ခင်း ၁၀နာရီ၌ ငါးမျှားသူတို့ဖြင့် စည်ကားလှပါသည်။

..... ကန်ပေါင်လမ်းကို ဆုံးအောင်သွားမိသောအခါ လူပရိသတ်စည်ကား
လှသော ကျောင်းတိုက်တစ်ခုကို တွေ့သည်။ ဝါဆိုသင်္ကန်းကပ်နေကြ
ခြင်းဖြစ်သည်။ နတ်မှီတောရထင်၍ အလောတကြီး ဝင်လိုက်မိသော
ကျောင်းက ရဲအစောင့်အရှောက်နှင့် အရာရှိအရာခံများ သင်္ကန်းကပ်၊
ဆွမ်းကျွေးနေကြသည်။ အဝင်မှားခဲ့ပြီ။ မေးမြန်းကြည့်တော့မှ
နတ်မှီတောရသို့ သွားသည့် လမ်းသွယ်ကလေးကို အမှတ်မထင်
ကျော်လာခဲ့ခြင်းဖြစ်သည်။





----- စည်ကားလှသောထိုကျောင်းမှ ပြန်ထွက်လာခဲ့ပြီး နတ်မှီ
တောရသို့ ဆိုင်းဘုတ်ကို တွေ့အောင်ရှာ၍ တောလမ်းကလေး
အတိုင်း ဝင်ခဲ့သည်။ ယခုမှပင် ရောက်ချင်လှသည့် ဆရာတော်
ရှင်ဥက္ကဋ္ဌ၏ကျောင်းသို့ ရောက်တော့သည်။ ဝါဆိုလပြည့်
ဖြစ်သော်လည်း ကိုးကွယ်ဆည်းကပ်သူ ပရိသတ်က လက်ချိုး
ရေ၍ပင် ရလောက်သည်။ လူနည်းစုနှင့် တည်တံ့နေရသော
ကျောင်းကလေး။ ကျောင်းရှေ့ကိုရောက်သောအခါ ဖိနပ်ချွတ်သည့်
အကျင့်က မပျောက်နိုင်၍ ချွတ်လိုက်မိသေးသည်။ ပြီးမှ
ဆရာသိန်းဖေမြင့် နတ်မှီတောရသို့ ရောက်ခဲ့စဉ်က တွေ့ခဲ့သည်
ဆိုသော “ကျောင်းဝင်းအတွင်း ဖိနပ်စီးနိုင်သည်” ဆိုင်းဘုတ်
ကလေးကို သတိရလိုက်သဖြင့် ချွတ်ထားသော ဖိနပ်ကို ပြန်စီး
ရသည်။

----- ရောက်လျှင်ရောက်ချင်း ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ဂူသင်္ချိုင်း
ကို ဦးခိုက်ရပါသည်။









ဆရာတော့် ပုံတူရုပ်တုကိုလည်း ဂူသင်္ချိုင်းထက်၌ ဖူးတွေ့ရသည်။
ဂူသင်္ချိုင်း၏ ပတ်ပတ်လည် တံတိုင်းနံရံများပေါ်တွင် ဆရာတော်
ရေးသားခဲ့သော စာစုစာရင်းနှင့် သြဝါဒများကို ရေးထွင်းထားသည်။
စာစုစာရင်းကို ပါလာသည့်မှတ်စုစာအုပ်တွင် ကူးရေးရတော့သည်။


၁။ ရွှေချိန်ခွင် စာအဖြေ
၂။ တကယ့် စာတန်
၃။ ကပ္ပပြဿနာ
၎။ စိန်တင့်ကြီးဝတ္ထု (ပ၊ဒု၊တ၊စ)
၅။ စဉ်ပြိုင်သာသနာ (ပ၊ဒု)
၆။ ကန်တော့ပန်း
၇။ နတ်မှီရေစမ်းမှ ရေပန်းကလေးများ
၈။ ဓမ္မစကြာ (နတ်မှီဟောစဉ်)
၉။ စစ်တွင်းကြုံရ ငါ့ဘဝ
၁၀။ ဗုဒ္ဓဝါဒ
၁၁။ ဗုဒ္ဓလမ်းစဉ်
၁၂။ ဗုဒ္ဓ စာချွန်တော်
၁၃။ ဗုဒ္ဓ အဘိဓမ္မာ
၁၄။ ဗုဒ္ဓ မှတ်ကျောက်
၁၅။ အသင်လူသား ဘာမှားနေလဲ
၁၆။ အိုယောဂီ သင်ဘယ်ကိုသွားမှာလဲ
၁၇။ ကြိုက်ရာရွေး လမ်းနှစ်သွယ်
၁၈။ အစွဲပြုတ် တဲကုတ်ရွှေနန်းတော်
၁၉။ အနတ္တရောင်ခြည်
၂၀။ ဗုဒ္ဓ ဝိနည်း
၂၁။ နိဗ္ဗာန်ဆိုတာ
၂၂။ လက်ဝဲနိုင်ငံများနှင့် ဘာသာလွတ်လပ်ပုံ
၂၃။ လူသေ လူဖြစ်
၂၄။ မဟာယာန ဗုဒ္ဓဝင်
၂၅။ ဘဝရေစီး
၂၆။ လူသားနှင့် မြေလွှာ
၂၇။ သမ္မာသမဂ္ဂဝါဒ
၂၈။ မဟာသမဂ္ဂဝါဒ
၂၉။ ကမ္ဘာ့အဘိဓမ္မာ လက်စွဲ
၃၀။ ယုဒ္ဓအဘိဓမ္မာ(တပ်မတော်မော်ကွန်းတိုက်စာမူ)
၃၁။ အဘိဓမ္မာ့ အဘိဓမ္မာ(ကမ္ဘာ့ဒဿနကျမ်းကြီး)
၃၂။ ဝိသုဒ္ဓိမဂ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၃။ ကထာဝတ္ထု (အင်္ဂလိပ်ဘာသာဖြင့်)
၃၄။ မိဂဒါဝုန်တရား (အင်္ဂလိပ်ဘာသာဖြင့်)
၃၅။ လမ်းနှစ်သွယ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၆။ ဓမ္မပဒ (အူရဒူဘာသာဖြင့်)

----- ကျောင်းဆောင်ဟောင်းထဲသို့ ဆက်လက်ဝင်မိသောအခါ
ကျောင်းတိုင်တွင် ချိတ်ထားသော မှန်ပေါင်အပြည့် ဆရာတော်
ရှင်ဥက္ကဋ္ဌ၏ ပုံတူပန်းချီကားကို ဖူးတွေ့ရသည်။ ပန်းချီရေးသူ
အမည်ကို သိချင်သဖြင့် အောက်ခြေလက်မှတ်ကို ဖတ်ကြည့်
သောအခါ သဲသဲကွဲကွဲ မမြင်ရတော့ပေ။ အရှင်ဇဝန(နေရှင်နယ်)၊
ဆရာတော်ရှင်ဥက္ကဋ္ဌနှင့် ကျောက်ကွင်းရွာ သူကြီးဦးလှောင်တို့
တွဲရိုက်ထားသော အဖြူအမည်းဓာတ်ပုံတစ်ပုံကိုလည်း တွေ့ရသည်။









ကျောက်ကွင်းသူကြီး ဦးလှောင်ကို ဓာတ်ပုံထဲတွင် မြင်ရသောအခါ
သခင်မြတ်ဆိုင်ရေးသားခဲ့သော ကျောက်ကွင်းအရေးတော်ပုံစာအုပ်
က ခေါင်းထဲသို့ ရောက်လာသည်။ ၁၉၃၆ခုနှစ် ဘာသာပြိုင်ပွဲကြီး၌
ပြောဟောခဲ့သော ဆရာတော်၏ စကားသံတရားသံတို့ကို ကြည်ညို
စွာ ကြားယောင်မိတော့သည်။

လူတိုင်းမှာ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဥာဏ်ပညာ၊ ကိုယ်ပိုင်ဝေဖန်
ချက်၊ ခံယူချက်ဆိုတာ ရှိပါတယ်။ အဲဒီ ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်
အသိဥာဏ်နဲ့ စဉ်းစားဆင်ခြင်ဝေဖန်ပြီး ဘယ်တရားဟာဖြင့်
သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန်ဆိုတာကို ကိုယ်တိုင်
သဘောပေါက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ခံယူတာဟာ အသင့်
တော်ဆုံး အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်

“ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်နဲ့ စာရေးဆရာတွေရဲ့ အဋ္ဌကထာ၊
ဋီကာ စတာတွေကို အတူတူချည်းပဲ ထင်ပြီးပြောနေကြရင်တော့
ဖြစ်မှာမဟုတ်ပါဘူး။ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို
စေ့စေ့စပ်စပ်သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာ
ရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်အထင်ကြီးတဲ့
အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် ပညာရှင်တွေထဲက
ဗုဒ္ဓဘာသာပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့
ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ်၊ ဘယ်ဟာက
နောက်စာရေးဆရာရဲ့လက်ရာပဲဆိုတာ ခွဲခြားနိုင်ပြီးတော့
ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာတွေ အများကြီးရှိပါတယ် ”

ဘယ်ဘုရား၊ ဘယ်ဣ ဒ္ဓိပါဒ်ရှင်ကမျှ ကယ်တင်လိမ့်မည်ဟု
မျှော်လင့်တောင့်တနေတဲ့ ဘာသာမျိုးလည်း မဟုတ်ပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခအသီးသီးမှ ချုပ်ငြိမ်းအောင်
ကိုယ့်ဟာကိုယ် အားထုတ်သွားရတဲ့ လုပ်ငန်းသာလျှင်
ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒမှာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ
ပုဂ္ဂိုလ်စွဲ အားထားမှုမျိုး မရှိပါဘူး။ ဓမ္မသက်သက်သာ ရှိပါတယ်။
ပြုပြင်ပြောင်းလဲမှု သင်္ခါရတို့ရဲ့ ကုန်ရာငြိမ်းရာ အသင်္ခတသည်သာ
ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်ပါတယ်

“ဂေါတမဘုရားရှင်ဖြစ်မည့် သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ်(၆၈)ခု
ကဆုန်လပြည့် သောကြာနေ့မှာ ဖွားမြင်တော်မူတယ် (ဘယ်ဘုရင်၊
ဘယ်မိဖုရားက ဘယ်နေရာမှာဖွားမြင်ခဲ့ပြီး၊ ဘယ်နေရာမှာ ဘုရား
ဖြစ်ခဲ့တယ်ဆိုတာ အထင်အရှားရှိတယ်) ... .... ယေရှုခရစ်ဟာ ဘယ်နေ့
ဘယ်ရက် ဘယ်လ ဘယ်အချိန် ဘယ်သက္ကရာဇ်မှာ မွေးတယ်ဆိုတဲ့
ရက်ချုပ်ကို မှန်ကန်အောင် အတိအကျပြောနိုင်မယ်ဆိုရင် ဦးပဉ္ဖင်း
ဟောဒီသင်္ကန်းကို ဒီနေရာတွင်ပဲ တစ်ခါတည်း ချွတ်ပုံချခဲ့ပြီး အပြီးတိုင်
ခရစ်ယာန်ဘာသာဘက်ကို ဝင်လိုက်မယ်”

----- ကျောင်းဆောင်အပေါ်ထပ်သို့ တက်မိသောအခါ လက်ရှိ
နတ်မှီတောရ၏ ကျောင်းထိုင်ဆရာတော် ရှင်ဆန္ဒာဓိကကို
ဖူးတွေ့ရသည်။ ရှင်ဆန္ဒာဓိကမှာ ဆရာတော်ရှင်ဥက္ကဋ္ဌနှင့်
ဆယ်နှစ်ခန့် အနီးကပ်နေခဲ့ရဖူးသော တပည့်ရင်းလည်း ဖြစ်သည်။
ဆရာတော် ရှင်ဥက္ကဋ္ဌ ဘာသာပြန်ဆိုခဲ့သော ရာဟုလာ
သံကိစ္စည်း၏ “အဘိဓမ္မာ့ အဘိဓမ္မာ”စာအုပ်ကို တည်းဖြတ်
စုစည်းနေဆဲကာလမို့ အရှင်ဆန္ဒာဓိကအနီးတွင် ဟိန္ဒူ ကျမ်း
စာအုပ်များ၊ အဘိဓာန်များ၊ စွယ်စုံကျမ်းများ၊ အဘိဓမ္မာစာအုပ်
များနှင့် ရှုပ်ပွနေတော့သည်။ ရှင်ဥက္ကဋ္ဌဖတ်ခဲ့သော စာအုပ်
အထူကြီးများကို ဆရာတော်က ထုတ်ပြသဖြင့် မြင်ဖူးအောင်
ကြည့်ရသေးသည်။ စားပွဲအောက်ဆီမှ ဟိန္ဒူဘာသာဖြင့်
ရေးထားသော ရာမာယနဝတ္ထုစာအုပ်ကြီးနှင့် ယုဒသန်
ပြုစုခဲ့သော မြန်မာအင်္ဂလိပ် အဘိဓာန်စာအုပ်တို့ကို စိတ်ဝင်စား
နေမိသည်။ မသိသေးသည်များကို မေးမြန်းနေရာမှ မေးခွန်း
များ ထူပြောလာသောအခါ ကျောင်းထိုင်ဆရာတော်က
စာအုပ်များနှင့်ပတ်သက်၍ အဖြေမပေးဝံ့သည့်အကြောင်း၊
အေးအေးနေလိုကြောင်းလည်း ရယ်မော၍ ပြောသေးသည်။

----- ဆွမ်းဘုန်းပေးချိန်တန်သဖြင့် ကျောင်းထိုင်ဆရာတော်
နှင့် စကားစဖြတ်ကာ ဆရာတော်ရှင်ဥက္ကဋ္ဌ သီတင်းသုံး
ခဲ့သော အခန်းငယ်လေးဆီသို့သွားရန် ကျောင်းပေါ်မှ
ဆင်းခဲ့သည်။ ကျောင်းဝင်းမြေကို ပြန်အနင်းတွင် ဖိနပ်ကို
ချမစီးမိဘဲ လက်က ယောင်၍ ကိုင်ထားမိသည်။ အနီးရှိ
ကိုရင်လေးတစ်ပါးက ဖိနပ်စီးဖို့ ပြောရာမှ နတ်မှီတောရ၏
လွတ်လပ်ခွင့်ကို သတိရတော့သည်။ အစွဲမပြုတ်နိုင်သဖြင့်
လက်ထဲတွင် ဖိနပ်တစ်ရံနှင့် မလွတ်မလပ် ဖြစ်ရသည်။
အစွဲပြုတ် တဲကုပ်ရွှေနန်းတော် မဟုတ်ပါလား။

----- ဆရာတော်ရှင်ဥက္ကဋ္ဌ သီတင်းသုံးခဲ့သော အခန်းကလေး
ကို ပြတိုက်သဖွယ် ပြင်ဆင်ထားသည်။ ပြတိုက်ထဲသို့ ရောက်
နေသောဆရာတော်၏ဘဝကို တွေးမိသဖြင့် ဝမ်းနည်းရသည်။
သို့သော် ဆရာတော်လျှောက်ခဲ့သောလမ်းကို ပြတိုက်ကလေး
က အပြည့်အဝနီးပါး ပြစွမ်းနိုင်ပေသည်။ အခန်းအဝင်ဝတွင်
ဆရာတော်၏ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတို့ကို စာရင်း
လုပ်၍ ကပ်ထားပါသည်။





နံနက်စောစော အိပ်ရာထ။
လမ်းလျှောက်။
နံနက် ၆ နာရီ ဆန်ပြုတ်ဘုန်းပေး။
နံနက် ၆နာရီမှ ၈နာရီထိ စာကြည့်။
၈နာရီမှ ၉နာရီထိ ဧည့်သည်များနှင့် တွေ့ဆုံ။
၉နာရီမှ ၁၀း၃၀နာရီအထိ စဉ်းစားနေ။
၁၀း၃၀ နာရီ ရေချိုး။
၁၁နာရီ ဆွမ်းစား။
ဆွမ်းစားပြီးချိန်မှ ၁း၃၀နာရီခန့်အထိ ကျိန်းစက်နားနေ။
၁နာရီခွဲခန့်မှ ညနေ ၄နာရီအထိ စာရေး စာကြည့်။
၎နာရီမှ ၅နာရီခန့်အထိ လမ်းလျှောက်။
၅နာရီမှ ၇နာရီခန့်အထိ ကျောင်းတွင်း ရဟန်းများနှင့် အထွေထွေဆွေးနွေး။
၇နာရီမှ ၉နာရီထိ ကမ္ဘာအရပ်ရပ်မှ ရေဒီယိုသတင်းများ နားထောင်။
၉နာရီကျော် အိပ်ရာဝင်။

အခန်းထဲသို့ဝင်လျှင်ဝင်ချင်း ဆရာတော်ကျိန်းစက်ခဲ့ရာ ကုတင်
လေးကို တွေ့ရသည်။ ခြုံစောင်၊ ခေါင်းအုံး၊ သင်္ကန်း တစ်ထည်
ခေါက်လျက်သားနှင့် တောင်ဝှေးတစ်ချောင်းကို တင်ထားသည်။
ကုတင်ခြေရင်းတွင် ဆရာတော် အသုံးပြုခဲ့သော လက်နှိပ်စက်
အိုလေး တစ်လုံး ရှိသည်။





----- အခန်းပတ်လည်နံရံများပေါ်တွင် မှတ်တမ်းဝင်ဓာတ်ပုံများ
ချိတ်ဆွဲပြသထားသည်။ မှန်ဗီရိုလေးထဲတွင် ဆရာတော်၏
လက်ရေးစာမူကလေးများလည်း ရှိသည်။ ပေထုပ်အချို့
ကိုလည်း တွေ့ရသည်။ အခန်းက အနည်းငယ်မှောင်နေသဖြင့်
ဓာတ်ပုံရိုက်ဖို့ မလွယ်ကူပေ။ အခန်းထဲမှပြန်အထွက် အခန်း
ကျယ်ကြီးထဲတွင် စာအုပ်ဗီရိုကြီးများကို တွေ့ရပြန်သည်။
ဆရာတော်ရေးသားစီရင်ခဲ့သော စာအုပ်များကို ဗီရိုအလတ်
တစ်လုံးဖြင့် သပ်သပ်စီထည့်ထားသည်။ ဗီရိုအထက်က နံရံတွင်
ဗီယက်နမ်သမ္မတဟိုချီမင်းနှင့် ဆရာတော်ရှင်ဥက္ကဋ္ဌတို့ စကား
လက်ဆုံကျနေဟန် ပန်းချီကားကို တွေ့ရသည်။









----- ပန်းချီကား၏ အောက်နားဆီတွင် ဘုရားဟော ကေသမုတ္တိ
သုတ်တော်လာ ကာလာမရွာသားတို့အား ပေးခဲ့သော အမှန်တရား
ရှာနည်း နိဿရည်းကို ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ဘာသာသုံးမျိုးဖြင့်
ရေး၍ ကပ်ထားသည်။

“အို ... ကာလာမမင်းတို့ ...
ပြောသံကြားကာမျှဖြင့် လည်းကောင်း
အစဉ်အဆက်စကားမျှဖြင့် လည်းကောင်း
ဤသို့ဖြစ်ဖူးသတတ်ဟူသောစကားဖြင့် လည်းကောင်း
ပိဋကတ်စာပေနှင့်ညီညွတ်ပေသည်ဟူ၍ လည်းကောင်း
ကြံဆတွေးတောယူခြင်းမျှဖြင့် လည်းကောင်း
နည်းမှီးယူခြင်းမျှဖြင့် လည်းကောင်း
အခြင်းအရာကို ကြံစည်သောအားဖြင့် လည်းကောင်း
ကိုယ်တိုင်ကြံစည်ထားသောအယူနှင့် တူကာမျှဖြင့်လည်းကောင်း
မှတ်ယူထိုက်သော သဘောမျှဖြင့်လည်းကောင်း
မိမိလေးစားအပ်သောရဟန်း၏ စကားမျှဖြင့်လည်းကောင်း
ဟုတ်ပြီ မှန်ပြီဟု မယူကုန်လင့်ဦး”

----- ကာလာမသုတ်တော်သည် ဆရာတော်ရှင်ဥက္ကဋ္ဌကိုယ်တိုင်
စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့သော ဘုရားဟော ဖြစ်သည်။ ဗုဒ္ဓဘာသာတရား
တော်များကို ချဉ်းကပ်ရာတွင် ဆရာတော်ရှင်ဥက္ကဋ္ဌသည် ကာလာမ
သုတ်၏ ဟောချက်အတိုင်းပင် လိုက်နာခဲ့သည်ချည်း ဖြစ်၏။
ဆရာတော်ရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဝါဒ ဗုဒ္ဓလမ်းစဉ် အစစ်အမှန်ကို
လိုက်ရင်းကပင် အိန္ဒိယပြည်သို့ ရောက်သောအခါ ဟိန္ဒူဗြဟ္မဏဝါဒ
ကြီးများနှင့် တိုးတိုက်ခဲ့မိလေသည်။ ထိုစဉ်အခါကလည်း ကာလာမ
ရွာသားတို့အား ဗုဒ္ဓပေးခဲ့သော စစ်တမ်းထုတ်နည်းဖြင့် မြန်မာပြည်
ရောက်ပိဋကတ်တော်များတွင် အခြားသီဟိုဠ်အိန္ဒိယအယူဝါဒများ
ရောယှက်ပါလာနိုင်သည်ဟု သံသယဝင်ခဲ့သည်။

----- လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က ကာလာမပုဏ္ဏားတို့ကို
အကြောင်းပြု၍ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့သောတရားတော်
ကို ဆရာတော်ရှင်ဥက္ကဋ္ဌက သင့်လျှော်အောင် မြန်မာပြန်၍
ဗုဒ္ဓစာချွန်တော်ဟု အမည်ပေးကာ ထုတ်ဝေခဲ့ဖူးပါသည်။

-ဗုဒ္ဓစာချွန်တော်
သူပြောလူပြော တစ်ဆင့်စကားကို ကြားကာမတ္တနှင့် မှန်လှပြီ၊
ဟုတ်လှပြီဟု မယုံကြည်လေနဲ့။
အသင်တို့၏ အမိအဖ၊ ဆရာသမား၊ သက်ကြီးဝါရင့်များက
ပြောကြားခဲ့တဲ့ စကားဖြစ်လို့ မုချဧကန် တကယ်မှန်ရမည်ဟု
မမှတ်ယူကြကုန်ရာ။ သင်တို့၏ ရှေးစာအုပ်ကြီးတွေ၊ ပေထုပ်ကြီး
တွေ၊ ပုရပိုက်ကြီးတွေထဲမှာ ပါရှိတယ်ဆိုရုံမျှနှင့် မှန်လှပြီဟု
မမှတ်ယူကြကုန်ရာ။
အသင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုရားရဟန္တာတို့၏ မုက္ခ
ပါဌ်အစစ်ဖြစ်သည်ဟု ဆိုကာမတ္တဖြင့် မချွတ်ဧကန် မှန်လှပြီဟု
မယုံကြည်ပါနှင့်။
သက်ကြီးစကား သက်ငယ်ကြားဟူသော ပရိဘာသာအရ အစဉ်
အလာကို ရိုသေသမှု ဤတစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အချုပ်အားဖြင့် ဆိုရသော် အားလုံးသော အရာများကို အသင်တို့
၏ ဝိဘဇ္ဇ (ဝါ) ဝေဘန်ဥာဏ်ဟူသော ချိန်ခွင်စက်၌ တင်စက်၍
ကြည့်လော့။
ဝိစာရဏ (ဝါ) နှိုင်းယှဉ်ဆင်ခြင်မှု မှတ်ကျောက်၌ တိုက်၍
စမ်းကြလော့။
ဘုရားရဟန္တာနှင့် လူသာမန်၊ အဘိဓမ္မာဆရာနှင့် လူအ၊
ဘုရားတကာနှင့် လူယုတ်မာ၊ ဓနရှင်နှင့် ကျောမွဲ၊ လယ်ထဲကလူ
နှင့် နန်းတော်ပေါ်ကလူ ဟူ၍ ခွဲခြားပြီး မျက်နှာလိုက်မနေပါနှင့်။
အပြင်းအထန် ဝေဘန်ကြကုန်လော့။ ဆွေးနွေး၍ စစ်ဆေးကြ
ကုန်လော့။ ဝိဘဇ္ဇနှင့် ဝိစာရဏမှ ကင်းလျှင် အမှန်နားသို့
မချဉ်းကပ်နိုင်သောကြောင့်တည်း။





----- ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ဗုဒ္ဓသာသနာ ၂၅၀၀ပြည့်မှတ်တိုင်
ကို ကျောင်းဝင်းထဲတွင် စိုက်ထူထားပါသည်။ စေတီပုံစံမဟုတ်
သည်က ထူးခြားချက်ဖြစ်သည်။ ကျောင်းဝင်းထဲတွင်လည်း
ဘာစေတီမှ မရှိပါ။ ထုထည်ကြီးမားလှသော သာသနာ၂၅၀၀ပြည့်
ကျောက်တိုင်ကြီးသာ ရှိလေသည်။ ၂၄ရက် - မေ - ၁၉၅၆ ခုနှစ်
တွင် ဆရာတော်ကိုယ်တိုင် ကြီးမှူး၍ တည်ဆောက်ခဲ့ခြင်း ဖြစ်
သည်။ မျက်နှာစာလေးခု ရှိသည်။ အရပ်မျက်နှာတစ်ခုစီတွင် ဗုဒ္ဓ
သြဝါဒ၊ ဗုဒ္ဓလမ်းစဉ်၊ ဗုဒ္ဓအခြေခံသဘောတရား၊ ဗုဒ္ဓအဘိဓမ္မာ
စသဖြင့် ဆောင်ပုဒ်ကလေးများကို ရေးထွင်းထားလေသည်။

-ဗုဒ္ဓသြဝါဒ
ကိုယ့်ရုပ် ကိုယ်ပြောင်း ကိုယ်ကောင်းအောင်ကြံ
ကိုယ့်အစာ ကိုယ်စား - ကိုယ်မှားလျှင်ခံ
ကိုယ့်လှေ ကိုယ်ထိုး - ပဂိုးနှင့် ပဂံ
ကိုယ့်ဇိမ်တွေ့၊ ကိုယ်မွေ့ ကိုယ်ပင်စံ။

-ဗုဒ္ဓလမ်းစဉ်
နီဝရဏ - ငါးဝပယ်ခြိုင်
သီ-သံ-သ-သံ လေးတန်ပိုင်နိုင်
စား- သောံ - ရှူ - ထုပ် - သိမ်းချုပ် - ခါထိုင်
ဈာန် - မဂ်ငြမ်း၊ တက်လှမ်းနိဗ္ဗာန်တိုင်။

-ဗုဒ္ဓအခြေခံသဘောတရား
အရှိ - အဖြစ် - အရိပ် - အထင်
အရှိ - တရား ထင်လျားသိမြင်
အဖြစ် - အရိပ် ခဲကြိတ်ပြုပြင်
အထင် - ပစ်၊ အနှစ်နိဗ္ဗာန်ဝင်။

-ဗုဒ္ဓအဘိဓမ္မာ
အာရုံငါးဝ, ရူပဓမ္မေ
သူ့ဟာ - သူထား - အလကားဟာတွေ
စ - သ - ဃ - ဇ - က နှင့် ဆုံချေ
ကောင်း - ဆိုး ခွဲ, ပေါ်မျဲ ဝိညာဏေ။

----- ရှစ်လုံးဘွဲ့ကဗျာအမျိုးအစားများ ဖြစ်သည်ကို တွေ့ရသည်။
သီ သံ သ သံ လေးတန်ကို မသိ၍ အနီးရှိ နယ်ခံ ဦးလေးကြီး
တစ်ယောက်ကို မေးသောအခါ ပိုင်နိုင်စွာ အဖြေမပေးနိုင်၍
မသိခဲ့ရပေ။ စ သ ဃ ဇ က ကိုလည်း ဆက်၍ မမေးဖြစ်တော့။









----- ပေလေးပင် ရှင်လေးပါး အထိမ်းအမှတ် ကျောက်စာတိုင်
ကိုလည်း ကျောင်းဝင်းထဲမှာပင် တွေ့ရသည်။ လေးမြှောင့်တိုင်ကြီး
ဖြစ်၏။ ရှင်လေးပါး၏ မွေးသက္ကရာဇ်နှင့် ပျံလွန်သက္ကရာဇ်များကို
ရေးထွင်းထားသဖြင့် ကူးယူခဲ့၏။ မြန်မာသက္ကရာဇ်များ ဖြစ်ပါသည်။

-ရှင်မဟာသီလဝံသ
မွေးဖွား- ၈၁၅
ပျံလွန် - ၈၈၂

-ရှင်ဥတ္တမကျော်
(၈၁၅ - ၉၁၂)

-ရှင်အုန်းညို
(၈၁၅ - ၈၅၅)

-ရှင်ခေမာ
(၈၁၅ - ၈၆၈)

----- ကျောင်းဝင်းထဲတွင် နေရာစုံရောက်ခဲ့၍ ပြန်ဖို့ စိတ်ကူး
ရသောအခါ မွန်းတည့်လေပြီ။ နတ်မှီတောရမှ ပြန်ထွက်ခဲ့၍
ဆရာတော်၏ ဇာတိဖြစ်သော အိမ်ခြေနှစ်ဆယ်ခန့်ရှိ ဆီမီးထွန်း
ရွာကလေးသို့ သွားဖို့ စဉ်းစားမိသည်။ သို့သော် မြို့နှင့်ဝေးသည်
ထင်၍ မသွားဖြစ်ခဲ့။ ဆရာတော်ကို ၁၉-၉-၁၈၉၇ (မြန်မာသက္ကရာဇ်
၁၂၅၉ခုနှစ်၊ တော်သလင်းလဆုတ် ၉- ရက်) တွင် တောင်တွင်း
ကြီးမြို့အရှေ့မြောက်ဘက်ရှိ ဆီမီးထွန်းရွာ၌ ဖခင်မွန်းရွှေထပ်၊
မိခင်ဒေါ်လှဝါတို့မှ ဖွားမြင်ခဲ့ကြောင်း သိရသည်။ မြို့ထဲသို့
ပြန်ဝင်ကာ ဆရာတော်တည်ထောင်ခဲ့သော ဥက္ကဋ္ဌ ဗုဒ္ဓမစ်ရှင်
ကျောင်းရှေ့က ဖြတ်၍ ပြန်ခဲ့သည်။





----- အိုဘီအမ်(O.B.M)ဗုဒ္ဓသာသနာပြုကျောင်းကို ၁၉၃၂
ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တို့ဗမာတွေ
“သခင်”ဟု ကြွေးကျော်ခါစ အချိန်ဖြစ်သည်။ ရှင်ဥက္ကဋ္ဌသည်
ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ် ထင်ထင်ရှားရှား
အမည်ခံ၍ အုပ်ချုပ်ခဲ့သည်။ အမျိုးသားကျောင်းဆိုကာမျှနှင့်
သူပုန်ကျောင်းဟု အင်္ဂလိပ်အစိုးရက မျက်မုန်းကျိုးနေခိုက်
ကာလဝယ် ကျောင်းအုပ်ဖြစ်သူမှာ သူပုန်ခေါင်းဆောင်ကြီး
သဖွယ် ရှိခဲ့ပေမည်။ အင်္ဂလိပ်စာကို ထွန်တုံးပေါ်ရောက်စေရမည်
ဟု ကြွေးကျော်၍ ခေတ်အသိ၊ ခေတ်ပညာ၊ အမျိုးသားရေး
စိတ်ဓာတ်တို့ကို သင်ကြားပေးခဲ့သည်။ ကျောင်း၏ ဆောင်ပုဒ်မှာ
“ဆင်းရဲသားကို အလုပ်အကျွေးပြုခြင်းသည် ဗုဒ္ဓရှင်တော်မြတ်ကို
အလုပ်အကျွေးပြုခြင်းပင် မည်၏”ဟူသော ဗုဒ္ဓ၏တရားတော်
ဖြစ်သည်။ အိုဘီအမ် အမျိုးသားကျောင်းသည် တောင်တွင်းကြီး
မြို့နယ် တို့ဗမာအစည်းအရုံး ဌာနချုပ်လည်း ဖြစ်ခဲ့ဖူးသည်။
အင်္ဂလိပ်များ၊ ဂျပန်များကို တော်လှန်သည့် စခန်းတစ်ခု ဖြစ်ခဲ့ရုံ
မျှမက ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် အမျိုးသားရေး
လှုပ်ရှားမှုမှန်သမျှတို့နှင့် ဆက်စပ်ပတ်သက်နေခဲ့သော ကျောင်း
တစ်ခု ဖြစ်လေသည်။ ဆရာသိန်းဖေမြင့်ပင် ထိုကျောင်းတွင်
ဆရာအဖြစ်ဝင်လုပ်ခဲ့သေးသည်ဟု ဖတ်ဖူးပါသည်။ ယခုအခါ
ထိုကျောင်းမှ ထွက်သော ကျောင်းသားကြီးများ အချို့ သက်ရှိ
ထင်ရှားဖြင့် နိုင်ငံအရပ်ရပ်တွင် ရှိနေကြမည်လားဟု တွေးမိပါသည်။

----- နတ်မှီတောရကိုလည်း ရောက်၍ ပြန်ခဲ့ပြီ။ အမျိုးသားကျောင်း
ကိုလည်း မြင်ခဲ့ရပြီ။ ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ခြေရာထင်သောမြေမှ
ပြန်ခါနီးတွင် ဆရာပါရဂူ၏ ဝါကျအချို့ကို ရုတ်တရက် သတိရ
လိုက်မိသည်။ ၁၃၂၈ တန်ဆောင်မုန်းလပြည့်နေ့ ဆရာတော်
သက်တော် ၇၀၊ ဝါတော် ၅၀ပြည့် အခမ်းအနားတွင် ဖတ်ကြား
သော ဆရာပါရဂူ၏ စာတမ်းထဲမှ ဖြစ်ပါသည်။

“ရှင်ဥက္ကဋ္ဌသည် သူ၏ အမြင်သစ် အတွေးသစ်များပါသည့်
စာအုပ်စာတန်းမျိုးစုံကို ရေးသား၏။ ထိုအခါ တိုင်းပြည်တွင်
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
--- --- --- --- --- --- ---
-သုဒ္ဓ။ ။
၂၄ - ဇူလိုင် - ၂၀၁၁။

စကား (၆) ခွန်း လူ၌ထွန်း


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတော်တော်များများ ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။ ဗုဒ္ဓရဲ့ စကားနဲ့ ပတ်သက်တဲ့ အဆုံးအမလေး တစ်ခုပါ။
“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်” တဲ့။ တချို့ကလည်း (၄) ခွန်းကိုပယ် ၊ (၂) ခွန်းထယ်” တဲ့ ။ ကာရံ ညီအောင် ညှိကြတာပါဘဲ။ အဓိပ္ပါယ်ကတော့ စကား (၆) ခွန်းမှာ (၄) ခွန်းကို မပြောနဲ့၊ အကျိုးမရှိဘူး ၊ (၂) ခွန်းသာ ပြောကြလို့ ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့တဲ့ စကားပါ။
ဘုရားရှင်ဟာ သူကိုယ်တိုင်လည်း ဘုရားအဖြစ်သို့ ရောက်တော် မူသည့် အချိန်ကနေ ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် စကား (၆) ခွန်းအနက် ပယ်ရမယ့် (၄)ခွန်းကို လုံးဝမပြောခဲ့ဘဲ ကျန်တဲ့ (၂)ခွန်းကိုသာ တစ်သက်တာပတ်လုံး “ဆောင်” သွားခဲ့သူဖြစ်ပါတယ်။
ဒီ စကားကြီး (၆) ခွန်းကတော့ -
(၁) ဟုတ်မှန်ခြင်း / မဟုတ်မှန်ခြင်း (၂) အကျိုးရှိခြင်း / အကျိုးမရှိခြင်း (၃) အပြောခံရသူ နှစ်သက်ခြင်း / မနှစ်သက်ခြင်း (၃)မျိုးအပေါ်မှာ အခြေခံပါတယ်။ တွဲစပ်လိုက်တော့ – စကားတစ်ခုဟာ
(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။
(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။
(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။
(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။
ဒီတော့ ဒီစကားလေးတွေကို ပြန်ချဲ့ကြည့်ရအောင် ။

နံပါတ် (၁)စကားက “မဟုတ်၊ အကျိုးမရှိ ၊ မကြိုက်” တဲ့ စကား။ ဘယ်လိုမျိုးလဲ ဆိုတော့ လူတစ်ယောက်(သို့) အဖွဲ့အစည်းတစ်ခုကို မဟုတ်မမှန် လုပ်ကြံအပုပ်ချတဲ့ စကား၊ ဆဲရေးတိုင်းထွာတဲ့ စကားမျိုးပေါ့။ ယနေ့ အင်တာနက် လူမှုရေးဝက်ဆိုဒ်တွေ ၊ သတင်းဆိုဒ်တွေရဲ့ ကွန်းမန့်တွေ မှာ အများဆုံးတွေ့နေရတဲ့ စကားပါ။ တကယ် တရားတော်နဲ့ ပြောရရင် အင်မတန် အပြစ်ကြီးတဲ့ စကားတွေပါ။ ဘုရား မကြိုက်ဆုံးစကား ၊ အပယ်ငရဲကို လားမယ့် စကားတွေပါ။ လုံးဝရှောင်သင့်ပါတယ်။
နံပါတ် (၂) စကားက “မဟုတ်၊ အကျိုးမရှိ ၊ ကြိုက်” တဲ့ စကား။ မဟုတ်တာတွေ လုပ်နေတဲ့လူကို မဟုတ်တာလုပ်မှန်း သိပါရက်နဲ့ သူ့ဆီက အကျိုးရလိုမှုကြောင့် မြှောက်ပင့် ၊ ဖော်လံဖားပြီး ပြောတဲ့စကားမျိုးပါ။ ဘယ်လိုမှမကောင်းပါဘူး။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်ပြန်မလေးစားနိုင်တော့တဲ့ စကားပါ။ အွန်လိုင်းတွေ ပေါ်မှာ လူကြိုက်များစေမယ့် မုသာဝါဒ စကားလုံးတွေ ၊ လုပ်ကြံဖန်တီးထားတဲ့ ရုပ်ပုံတွေ ဖော်ပြပြီး ကိုယ့်နာမည် ကျော်ကြားမှု ကို လုပ်နေသူတွေလည်း ပါပါတယ်။ မကောင်းတဲ့ စကားပါနော်။
နံပါတ် (၃) စကားက “ဟုတ်တယ်၊ အကျိုးမရှိ ၊ မကြိုက်” တဲ့ စကား။ ဥပမာ – အရမ်းပိန်တဲ့သူတစ်ယောက် “သိပ် ပိန်တာဘဲနော်။ ကျန်းမာရေးမကောင်းဘူးလား” လို့ ပြောရင်အပြောခံရသူက မကြိုက်ပါဘူး။ ဒီအတိုင်း အရမ်းဝ တဲ့သူတစ်ယောက်ကိုလည်း “သိပ်ဝတာဘဲနော်” ပြောကြည့် ၊ မကြိုက်ပါ။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်ပြောလိုက်လို့ ချက်ခြင်း ပိန်ရာက ၀မလာသလို၊ ၀ရာကလည်း ပိန်မသွားပါဘူး။ အကျိုးမရှိဘူးပေါ့။ ဒီစကားမျိုးကတော့ အလိုက်မသိတတ်သူ ၊ ပါးနပ်လိမ္မာမှု  မရှိသူတွေ ပြောလေ့ရှိတတ်ကြပါတယ်။ အပြစ်တော့ သိပ်မကြီးပါဘူး။ ဒါပေမယ့် အကျိုးမရှိလို့ ဘုရားမကြိုက်ပါဘူး။
နံပါတ် (၄) စကားက – “ဟုတ်တယ်၊ အကျိုးမရှိ ၊ ကြိုက်တယ်” ဆိုတဲ့ စကား။ ဒီစကားက နည်းနည်း ရှင်းပြဖို့ ခက်ပါတယ်။ လူ့လောကထဲက ချီးမွမ်းစကားတွေပါဘဲ။ အမြှောက်အပင့်တွေလည်း ပါနိုင်ပါတယ်။ လှပ ချောမောတဲ့ မိန်းကလေးတစ်ယောက်ကို သိပ်ချောတာဘဲ လို့ ပြောရင် ကြိုက်ပါတယ်။ မှန်နေတာကိုး။ ဒါပေမယ့် ဒီစကားကြောင့် အလှမာန ပိုတက်လာနိုင်ပြီး “အိုခြင်း ၊ နာခြင်း ၊ သေခြင်း” ဆိုတဲ့ အမှန်တရားတွေနဲ့ အလှမ်းကွာသွားနိုင်လို့ ဘုရား၊ ရဟန္တာတို့က မကြိုက်ပါဘူး။ လူ့လောကထဲမှာ အပြစ်သိပ် မရှိပေမယ့် နိဗ္ဗာန်နဲ့ အလှမ်းဝေးတဲ့ စကားတွေဖြစ်လို့ ဘုရား ၊ ရဟန္တာတွေ ပယ်တာ ဖြစ်ပါတယ်။
နံပါတ် (၅) စကားက – “ဟုတ်တယ် ၊ အကျိုးရှိတယ် ၊ ကြိုက်တယ်” ဆိုတဲ့ စကား။ ဒါကတော့ အကောင်းတကာ့ အကောင်း ဆုံး စကားမို့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ လောကီရော ၊ လောကုတ္တရာမှာပါ အကျိုးများတဲ့ စကားမျိုးပါ။ ဗုဒ္ဓဟာ သူ ပွင့်တော်မူစဉ် ကာလတစ်လျှောက်လုံး အများဆုံးပြောသွားတဲ့ စကားပါ။ ဗုဒ္ဓရဲ့ တရားတော်တွေ မှန်သမျှ ဒီစကားတွေပါဘဲ။ ဒီလို စကားမျိုးကိုသာ ပြောကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး အေးချမ်းသာယာနေ ပါလိမ့်မယ်။
နံပါတ် (၆) စကားက - “ဟုတ်တယ် ၊ အကျိုးရှိတယ် ၊ မကြိုက်” ဆိုတဲ့ စကား။ ဒါကတော့ ဥပမာ ပေးရလွယ်ပါတယ်။ မိဘ ဆရာသမားတွေက သားသမီးတွေ ၊ တပည့်တွေကို မကောင်းတာ မလုပ်ကြဖို့ တားမြစ်တဲ့ စကားမျိုး။ လူငယ်တွေရဲ့ လွတ်လပ်ချင်တဲ့ သဘာဝကြောင့် မကြိုက်ဘူး။ ဒါပေမယ့် အကျိုးရှိတဲ့ စကားတွေဖြစ်တယ်။ ဒီလို စကားမျိုးကတော့ ကိုယ့်ကို မုန်းမယ်ဆိုလည်း ပြောရမှာဘဲ။ ဗုဒ္ဓကိုယ်တော်တိုင် ဆိုဆုံးမလို့ မလွယ်တဲ့ ရဟန်းတစ်ချို့ကို ဒီလို စကားမျိုးနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောတာတွေ ရှိပါတယ်။ သူတို့ အကျွတ်တရားရစေချင်တဲ့ စေတနာနဲ့ပါ။
(ယခု ကျွန်တော် ရေးလိုက်တဲ့ ဆောင်းပါးကလည်း နံပါတ် (၆)ထဲမှာ ပါပါတယ်။ တချို့လူတွေကတော့ လုံးဝ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးရှိတဲ့ စကားမို့ ပြောရမှာဘဲ)
ဒါကတော့ ဒီခေတ်မှာ စာဖတ်နည်းသွားတဲ့ လူငယ်တွေ အတွက် ဗဟုသုတလေး တစ်ခုပါ။ လူလတ် ၊ လူကြီး ပိုင်း အတော်များများ ကြားဘူး သိဘူး သူများပါတယ်။ အခုလို အင်တာနက်ခေတ် ၊ သတင်းခေတ်မှာ လူငယ်တွေ ဖေ့စ်ဘုတ်ပေါ်မှာ ပြောနေကြတာတွေ ၊ သတင်းဝက်ဆိုဒ်တွေရဲ့ ကွန်းမန့်ထဲမှာ ပြောနေကြတာတွေ ဟာ ရှောင်ရမယ့် စကား (၄)ခွန်းသာ အများဆုံး ဖြစ်နေပြီး ဆောင်ရမယ့် စကား (၂)ခွန်းကတော့ သိပ်ကို နည်းနေတာကို သတိပြုမိလို့ ဒီဆောင်းပါးလေးကို ရေးမိလိုက်ပါတယ်။
ကိုယ့် စကားတစ်ခွန်းရဲ့ အတိုင်းအထွာ အကျိုးသက်ရောက်မှုကို ချိန်ဆပြီးမှ ရေးသင့် ပြောသင့်ကြပါတယ်။ အဓိက အချုပ်ပြောရရင် “ဟုတ်လည်း မဟုတ် ၊ အကျိုးလည်း မရှိ” တဲ့ စကားကို မပြောကြဖို့ တိုက်တွန်း ချင်ပါတယ်။
ဒါပေမယ့် ပြဿနာတစ်ခုက တစ်ချို့ လူငယ်တွေမှာ အသက်ငယ်သေးခြင်း ၊ ဘ၀အတွေ့အကြုံ နည်းလွန်းခြင်း ၊ လူငယ်ပီပီ စိတ်ဆတ် သွေးဆူလွယ်ခြင်းတို့ကြောင့် “ဟုတ်ပင် ဟုတ်ငြားသော်လည်း” အကျိုးသက်ရောက်မှု အတိုင်းအတာကို ချိန်ဆနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်ကြားသမျှ မြင်သမျှအပေါ် အကျိုးသက်ရောက်နိုင်မှုကို မချိန်ဆတော့ဘဲ စိတ်အားထက်သန်စွာ ပြောဆိုဝေဖန်မှု ၊ မိမိတို့ ခံစားချက်များကို တစ်ဦး နှင့် တစ်ဦး အလွယ်တကူ ဖြန့်ဝေမှုများ ကြောင့် တိုင်းပြည်တွင်းမှာ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်နေတာကို တွေ့နေရကြောင်းပါခင်ဗျား။
ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ “သြ၀ါဒ” ကို ကိုးကားထားတဲ့ ဒီဆောင်းပါးလေးနဲ့ လူငယ်များ အသိဉာဏ်မြင့်မားနိုင်ကြစေရန် ၊ လူကြီးများလည်း စိတ်ထား မြင့်မြတ်နိုင်ကြ ပါစေရန် ရေးသားလိုက်ရခြင်း ဖြစ်ကြောင်းပါခင်ဗျား။
မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကောင်းသောစကား၊ အကျိုးရှိသော စကားကို ဆိုနိုင်ကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)